'Internal locus of control နဲ့ ကံ၊ ဉာဏ်၊ ဝီရိယ '

လူနှစ်မျိုးနှစ်စားရှိပါတယ်။

1. Internal locus of control

2. External locus of control သမားများ ဖြစ်ကြပါတယ်။

Internal locus of control ဆိုတာ ကိုယ့်ရဲ့အပြုအမူ၊ ကိုယ့်ရဲ့ကံကြမ္မာတွေကို ကိုယ်ကိုယ်တိုင်က control လုပ်နိုင်တယ်၊ လုပ်နေတယ်လို့ ယုံကြည်ကြပြီး External locus of control သမားတွေကတော့ ကိုယ့်ရဲ့ အပြုအမူတွေ၊ ကိုယ့်ရဲ့ဘဝမှာ ဖြစ်နေတဲ့အရာတွေက ကိုယ်ဘာမှလုပ်လို့မရတဲ့ ပြင်ပအကြောင်းအရာတွေ ကြောင့်ဖြစ်ရတယ်လို့ ယုံကြည်ကြပါတယ်။

ဥပမာအားဖြင့်ပြောရရင် ကျောင်းသားတစ်ယောက်က စာမေးပွဲမှာ ရမှတ်မကောင်းတာတွေ၊ အလုပ်လုပ်တဲ့ သူတွေက အလုပ်ကောင်းကောင်းမရတာတွေကို Internal locus of control သမားတွေက ကိုယ်ညံ့လို့၊ ကိုယ်ကြိုးစားဖို့လိုသေးလို့ လို့ယူဆလက်ခံကြပြီး External locus of control သမားတွေကတော့ မေးခွန်း ခက်ပြီး ဆရာ၊ ဆရာမကမျက်နှာလိုက်လို့၊ ကံမကောင်းလို့ဆိုပြီးတော့ ယူဆတတ်ကြပါတယ်။

ခြုံပြီးပြောရရင်တော့ ဘဝမှာကြုံတွေ့ရသမျှသော ကောင်းခြင်း၊ ဆိုးခြင်း ဆိုတဲ့ အကျိုးတရားတွေရဲ့ အဓိက အကြောင်းရင်းက ကိုယ့်ကြောင့်ပဲလို့ လက်ခံယုံကြည်ကြပြီး လိုအပ်သလို ကိုယ့်ဘဝကို ထပ်မံကြိုးစားဖို့၊ အ‌ခြေအနေတွေကို နားလည်အောင်ကြိုးစားပြီး လိုအပ်သလို ညှိနှိုင်းလုပ်ဆောင်ဖို့ ကြိုးစားကြသူတွေဟာ Internal locus of control သမားတွေဖြစ်ပါတယ်။

External locus of control သမားတွေကတော့ ကိုယ့်မှာကြုံရတဲ့ကောင်းကျိုးဆိုးပြစ်တွေက သူများကြောင့်၊ ကံကြောင့် စသဖြင့်ပြင်ပအခြေအနေတွေပေါ်ကို ပုံချကြပါတယ်။

ဘယ်လိုလူမျိုးက ပတ်ဝန်းကျင်အခြေအနေနဲ့ ပိုပြီးညှိနှိုင်းနေထိုင်မှုပြုကြမယ်ထင်ပါသလဲ။?

ကံ၊ ဉာဏ်၊ ဝီရိယအကြောင်းလေး နည်းနည်းပြောခွင့်ပြုပါရှင်။

External locus of control သမားတွေက ကံကိုပုံချကြတာများပါတယ်။ အောင်မြင်မှုတစ်ခုခုကြုံရင် 'ကံကောင်းသွားလို့ပါ'ဆိုပြီး ယူဆကြတော့ မိမိရဲ့ အစွမ်းအစကို အသိအမှတ်ပြုယုံကြည်တာ၊ ချီးကျူးတာ မရှိတော့ ကြာရင် ရှိနေတဲ့အစွမ်းအစတွေတောင် ပျောက်သွားနိုင်ပါတယ်။ ဆုံးရှုံးမှုတစ်ခုခုနဲ့ကြုံပြန်ရင်လည်း 'ကံမကောင်းလို့'ဆိုပြီးတော့ ကံကိုပဲပုံချပြီး ပူဆွေးဝမ်းနည်းနေတော့ ကိုယ့်ရဲ့အားနည်းချက်ကို ပြန်မသုံးသပ် မိတော့ဘဲ၊ မိမိရဲ့လိုအပ်ချက်ကို မပြင်ဖြစ်တော့ပါဘူး။ ကြာလာရင် ကိုယ်စွမ်းကိုယ်စတွေ ပျောက်ကွယ် သွားနိုင်တဲ့ အန္တရာယ်ကြီး ရှိပါတယ်။

ကံအကြောင်းနည်းနည်း ထပ်ချဲ့ပြီးပြောပါရစေ။ ကံနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ယုံကြည်ချက်ဖြစ်တဲ့အတွက် လက်မခံရင်လည်းဖြစ်ပါတယ်။

ကံဆိုတာ 'စေတနာရဲ့စေ့ဆော်မှုကြောင့် လုပ်ဖြစ်တဲ့အလုပ်' ဖြစ်ပါတယ်။ စေတနာဆိုတဲ့'မနောကံ'ရယ်၊ စေတနာရဲ့စေ့ဆော်မှုကြောင့် ပြောဖြစ်ရေးဖြစ်သွားတဲ့'ဝဇီကံ'ရယ်၊ စေတနာရဲ့တိုက်တွန်း စေ့ဆော်မှု‌ကြောင့် လုပ်ဖြစ်သွားတဲ့ 'ကာယကံ'ရယ်ဆိုပြီး ကံ ၃ပါးရှိကြောင်း သိကြပါတယ်။

ကံအမျိုးအစား နှစ်မျိုးရှိ‌‌ကြောင်း ‌ပြောချင်ပါတယ်။ 'အတိတ်ကံ'နဲ့ 'ပစ္စုပ္ပန်ကံ'တို့ ဖြစ်ကြပါတယ်။ အတိတ်ကံက ကျမတို့ အရင်ဘဝဘဝတွေက လုပ်ခဲ့ကြတဲ့အရာတွေကပါလာတဲ့ အကျိုးဆက်တွေဖြစ်လို့ ကျမတို့ပြန်ပြင်လို့မရပေမယ့်၊ ကောင်းတဲ့ကံတွေကို ပိုကောင်းလာအောင်၊ ဆိုးတဲ့ကံတွေကို အားလျော့ သွားအောင်၊ တစ်နည်းအားဖြင့် ပစ္စုပ္ပန်ကံတွေနဲ့ အားဖြည့်ပေးနိုင်ကြောင်းကို သိရပါမယ်။ အတိတ်ကံက အလွန်ကောင်းနေရင် နည်းနည်းလုပ်တာနဲ့ များများကောင်းကျိုးခံစားရသလို အတိတ်ကံက မကောင်းရင် များများလုပ်လည်း ကောင်းကျိုးနည်းနည်းပဲရတာမျိုး၊ လုပ်တဲ့အလုပ်တွေ မအောင်မြင်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

ဒါဆို ဒီအတိုင်းပဲ အတိတ်ကံအကျိုးပေးအတိုင်းပဲ ဘဝမှာ ရေစုန်မျှောပြီး နေလိုက်ရတော့မှာလား။?

ဘဝရဲ့အဓိပ္ပာယ်က ဒီလိုမှမဟုတ်တာ။ 'Life is struggle' ဘဝဆိုတာ ရုန်းကန်ကြိုးစားရခြင်းတဲ့။

ဘယ်လိုရုန်းကန်ကြိုးစားရမလဲဆိုတော့ ပစ္စုပ္ပန်ကံကိုကောင်းအောင်လုပ်မယ်ပေါ့။ လက်ရှိရောက်နေတဲ့ ဘဝမှာ လုပ်နေတဲ့အလုပ်တိုင်းကို စိတ်စေတနာကောင်းနဲ့ ကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင်၊ တစ်နည်းအားဖြင့် 'မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား' ခြင်းဖြင့် ပစ္စုပ္ပန်ကံ‌တွေကို ပိုကောင်းအောင် ကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင် အတိတ်ကံရဲ့ ကောင်းကျိုးတွေကို ပိုပြီးအားကောင်းစေဖို့ အထောက်အပံ့ ဖြစ်သွားစေနိုင်သလို၊ အတိတ်ကံရဲ့ မကောင်းကျိုးတွေကလည်း အကျိုးပေးခွင့် မသာတော့ပါဘူး။

ဉာဏ်မှာလည်း မွေးရာပါ ဉာဏ်ကောင်းတဲ့သူတွေက အများကြီးမရှိပါဘူး။ စဉ်းစားတဲ့ဦးနှောက်ကို များများသုံး၊ များများလေ့ကျင့်ရင်းနဲ့ အထိုက်အလျောက် ဉာဏ်ရည်ဉာဏ်သွေးတွေ မြင့်လာနိုင်ပါတယ်။

လူတွေရဲ့အောင်မြင်မှုကို အဆုံးအဖြတ် တကယ်ပေးမယ့် နောက်ဆုံးလက်နက်က 'ဝီရိယ' ပဲ ဖြစ်ပါတယ်။  Grit ပေါ့ (Grit အကြောင်းကို ရေးခဲ့ဖူးပါတယ်)။

ဉာဏ်ဘယ်လောက်ကောင်းကောင်း ဝီရိယမရှိရင်လည်း အောင်မြင်မှုရဖို့ မ‌‌သေချာသလို ရခဲ့ရင်လည်း ရေရှည်တည်မြဲဖို့ မလွယ်ပါဘူး။ ဝီရိယကောင်းတဲ့သူဟာ ရေရှည်မှာ အောင်မြင်မှုရမှာပါ။ မြန်မြန် အောင်မြင်ဖို့နဲ့၊ လိုချင်တဲ့၊ ကောင်းတဲ့အကျိုးရလဒ်တွေ ရဖို့အတွက်က ဉာဏ်လေးနဲ့ကူပြီး ပစ္စုပ္ပန်ကံလေး ကောင်းအောင် သေချာ ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ပြီး လုပ်ကိုင်ကြမယ်ဆိုရင် အောင်မြင်မှုရမှာ မလွဲပါဘူး။ ဒီလိုဖြစ်အောင် လုပ်ဖို့ဆိုရင် ကျမတို့က Internal locus of control ဖြစ်ဖို့လိုပါတယ်။

Personal development ကနေ organizational development ပြီးတော့ state development ဖြစ်ဖို့ဆိုရင် လူတစ်ဦးချင်းအနေနဲ့ internal locus of control ဖြစ်ဖို့ ကြိုးစားကြပါစို့လို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်ရှင်။

Photo - internet

Aye Aye Win