ပါဝါ အရင်းအမြစ်နဲ့ အမျိုးအစားများ

Power နဲ့အတူ လွှမ်းမိုးနိုင်စွမ်းအားနဲ့ နည်းပရိယာယ် တချို့ကို ဖော်ပြခဲ့ဖူးပါတယ်။ အခုကတော့ Power ဖြစ်ပေါ်ရာ အရင်းအမြစ်တွေအကြောင်းကို ဆက်ပြောသွားမှာ ဖြစ်ပါတယ်။ လူတော်တော်များများက Power နဲ့ Authority ကို အတူတူလို့ ထင်တတ်ကြပါတယ်။ Power နဲ့ Authority တို့ရဲ့ ဝေါဟာရတွေဟာ နီးနီးကပ်ကပ် ဆက်စပ် နေပေမယ့် အဓိပ္ပာယ်မတူကြပါဘူး။ Authority ကို (၁) အဖွဲ့အစည်းမှ တရားဝင်ခွင့်ပြုပေးထားပြီး (၂) ဝန်ထမ်းများမှ မှန်ကန်သင့်လျော်တယ်ဆိုပြီး ယူဆတဲ့အတွက် လက်ခံခြင်းမှတရားဝင်ရထားတဲ့ Power လို့ မှတ်လို့ရပါတယ်။ နားလည်အောင်ထပ်ပြီးပြောပြရရင် အဖွဲ့အစည်းတစ်ခုမှာ လူတစ်ဦးချင်းအလိုက်၊ အဖွဲ့လိုက်၊ ဌာနလိုက် လုပ်ငန်းဆောင်တာများအတွက် တာဝန်ယူမှုနဲ့အတူ တရားဝင် Authority ဖွဲ့စည်းပုံ ရှိပါတယ်။ လူတစ်ဦးက အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်တဲ့အခါမျိုးမှာ အဲဒီလူက လုပ်ငန်းရဲ့ Authority ဖွဲ့စည်းပုံကို တရား၀င် အသိအမှတ်ပြု လက်ခံရပါတယ်။ ဆိုလိုတာက အဲဒီဝန်ထမ်းဟာ မူဝါဒချမှတ်ခွင့်ရှိတဲ့ မန်နေဂျာ ရာထူးကိုလက်ခံထားရင် မူဝါဒတွေချပြီး ငယ်သားတွေကို လမ်းညွှန်မှုပေးခွင့် ရှိပါတယ်။ ဒါဟာ တရားဝင်လွှ မ်းမိုးနိုင်တဲ့ Power အောက်မှာရှိတဲ့ Authority ဖြစ်ပါတယ်။ ဒီနေရာမှာ ညွှန်ကြားချက်တွေက ကျိုးကြောင်း ဆီလျော်ပြီး အလုပ်နဲ့ဆက်စပ်နေသရွေ့ ဝန်ထမ်းတွေက စည်းမျဉ်းမူဝါဒတွေကို နာခံပါလိမ့်မယ်။ ဒါကြောင့် အချုပ်ပြန်ပြောရရင် Authority ဆိုတာ Power ထက် နယ်ပယ်ပိုမိုကျဉ်းမြောင်းတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဆိုတော့ ဒါဟာ သာဓကတစ်ခုအနေနဲ့ပဲ ပြထားတဲ့ Power source ဖြစ်တဲ့အတွက် တခြား Power အရင်းအမြစ်တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် Power ရဲ့ အရင်းအမြစ်တွေနဲ့ အမျိုးအစားတချို့ကို ပြောပြချင်ပါတယ်။ အဖွဲ့အစည်းတွေမှာ ပါဝါပြဿနာတွေဟာ Leader-Member relation လို့ခေါ်တဲ့ မန်နေဂျာ များနဲ့ လက်အောက်ငယ်သားများအကြား အချင်းချင်းဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိနေပါတယ်ဆိုတာ ကိုလည်း ထပ်မံမြင်သာဖို့ ရည်ရွယ်ပါတယ်။

၁။ Reward Power

Reward power ဆိုတာ ဆုပေးခြင်း၊ ဆုချခြင်းများ လုပ်နိုင်ပြီး လူတွေကို လွှမ်းမိုးစေတဲ့ စွမ်းအားတစ်ခုပါ။ ဒါကြောင့် တခြားသူတွေရဲ့ အပြုအမူတွေကို ဩဇာလွှမ်းမိုးနိုင်စေတဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး မန်နေဂျာ (ဒါမှမဟုတ်) ခေါင်းဆောင် (ဒါမှမဟုတ်) မိမိလိုလားတဲ့ အပြုအမူတွေကို ဆုချခြင်းနဲ့ လွှမ်းမိုးတာမျိုးပါ။ ဥပမာ လက်အောက်ငယ်သားတွေက မန်နေဂျာမှပေးစွမ်းနိုင်တဲ့ ပေးခွင့်ရှိတဲ့ ဆုလာဘ်တွေကို ကြည့်ပြီး ညွှန်ကြားချက်နဲ့ တောင်းဆိုမှုတွေကို လိုက်နာလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ဆုလာဘ်တွေကတော့ ချီးမွမ်းခြင်း၊ ရာထူးတိုးခြင်း၊ ငွေ၊ အားလပ်ချိန်တို့လိုဟာမျိုးတွေပါ။ အများအားဖြင့်တော့ ဌာနတစ်ခုရှိ လစာနဲ့ တခြားအကျိုးခံစားခွင့်တွေ ခွဲဝေပေးမှုကို ထိန်းချုပ်တဲ့ မန်နေဂျာက အဆိုပါဌာနမှာရှိတဲ့ ဝန်ထမ်းတွေအပေါ် ချီးမြှင့်နိုင်စွမ်း အခွင့်အာဏာမျိုး ရှိကြပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေက သူတို့ရဲ့ အပြုအမူကောင်းတွေကို ထုတ်ပြဖို့ရယ် မန်နေဂျာတွေ ဘက်ကလည်း ငယ်သားဆီက အပြုအမှုကောင်းတွေ မျှော်လင့်တာရယ်ကြောင့် မန်နေဂျာမှာပဲ Reward power ရှိရင် ဆုလာဘ်တွေပေးပြီး လွှမ်းမိုးယူလို့ ရပါတယ်။

၂။ Coercive Power

Coercive power ဆိုတာ လူတစ်ဦးချင်းစီရဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို အပြစ်ပေးခြင်းပုံစံနဲ့ တခြားသူတွေရဲ့ အပြုအမူအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ပုံစံ ဖြစ်ပါတယ်။ ဥပမာ မန်နေဂျာရဲ့ ညွှန်ကြားချက်တွေကို ကောင်းမွန်စွာတုံ့ပြန်ဖို့ ပျက်ကွက်မှုရှိရင် အပြစ်ပေးခံရမယ်လို့ မျှော်လင့်ထားကြတဲ့အတွက် ငယ်သားတွေက လိုက်နာဆောင်ရွက်လာကြခြင်းပါ။ Coercive လို့ခေါ်တဲ့ ပြစ်ဒဏ်ပေးခြင်းပုံစံတွေက ပြစ်တင်ရှုတ်ချခြင်း၊ မလုပ်ချင်တဲ့ အလုပ်တာဝန်များပေးခြင်း၊ ပိုမိုနီးကပ်စွာ ကြီးကြပ်ခြင်း၊ အလုပ်စည်းမျဉ်းများ ပိုမိုတင်းကျပ်ခြင်း၊ လစာမပေးဘဲ ဆိုင်းငံ့ခြင်းတွေပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ နောက်ထပ် အဆုံးစွန်သောပြစ်ဒဏ်က ဝန်ထမ်းကို အလုပ်ထုတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့ အချုပ်ပြန်ပြောရရင် အပြစ်ပေးလို့ရတဲ့ အခွင့်အာဏာမျိုးရှိခြင်းကို Coercive power လို့ မှတ်ယူနိုင်ပါတယ်။ ဒီ power မှာ တစ်ခုရှိတာက ပြစ်ဒဏ်ဆိုတာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးများ ရှိနိုင်တယ်ဆိုတာကို သတိထားသင့်တယ်။ ဥပမာ ဝန်ထမ်းတစ်ယောက်က အလုပ်မပြီးလို့ ညံ့သွားလို့ အပြစ်တင်ခံရမှာကို ကြောက်တဲ့အခါ အဲ့ဒါကိုရှောင်ဖို့ တချို့ပေးလာတဲ့ အလုပ်တွေကို ရှောင်တာမျိုး၊ ငြင်းဆန် တာမျိုးတွေကို လုပ်လာနိုင်ပါတယ်။

၃။ Legitimate Power

Legitimate power ဆိုတာ အဖွဲ့အစည်းအတွင်းမှာ တရားဝင်ရာထူးနေရာတစ်ခုရခြင်းကြောင့် (ဒါမှမဟုတ်) မန်နေဂျာရာထူးရသွားတာကြောင့် လက်အောက်ငယ်သားတွေရဲ့ အပြုအမူကို အဲ့ဒီရာထူးအာဏာနဲ့ လွှမ်းမိုးနိုင်တဲ့ power မျိုးပါ။ တစ်နည်းအားဖြင့်ပြောရရင် ငါ မန်နေဂျာဆိုတဲ့ရာထူးနဲ့ ငယ်သားတွေကို အာဏာပြတာပါ။ သို့ပေမယ့်လည်း တစ်ခါတရံ စီမံခန့်ခွဲသူမန်နေဂျာမဟုတ်တဲ့ ၀န်ထမ်းတွေမှာလည်း ဒီလို power မျိုး ရှိနေတတ်ပါတယ်။ ဥပမာ တချို့စက်ရုံတွေမှာရှိတဲ့ လုံခြုံရေးစစ်ဆေးရေးအရာရှိဟာ စက်ရုံမန်နေဂျာက တားမြစ် ထားပေမယ့်လည်း ဘေးကင်းလုံခြုံမှု ချိုးဖောက်တာမျိုးရှိလာခဲ့ရင် စက်ရုံထုတ်လုပ်မှုကို ပိတ်ပစ်နိုင်တဲ့ တရားဝင်အာဏာ power မျိုး ရှိနေတတ်ပါတယ်။

၄။ Expert Power

Expert power ဆိုတာ ကျွမ်းကျင်မှုကြောင့်ဖြစ်လာပြီး အသိအမှတ်ပြုထားတဲ့ အရည်အချင်း ဒါမှမဟုတ် အထူးပြု အသိပညာကြောင့် တခြားသူတွေရဲ့ အပြုအမူကို လွှမ်းမိုးနိုင်တဲ့ power စွမ်းရည်မျိုး ဖြစ်ပါတယ်။ ဥပမာ မန်နေဂျာတွေက လက်အောက်ငယ်သားတွေရဲ့ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ချမှတ်ခြင်း၊ ခွဲခြမ်း စိတ်ဖြာခြင်း၊ အကဲဖြတ်ခြင်းနဲ့ ထိန်းချုပ်ခြင်းတွေမှာ သူ့ရဲ့အရည်အချင်းကို သက်သေပြနိုင်တဲ့ အတိုင်းအတာ အထိ ဖော်ပြလုပ်ပြနိုင်ရင် Expert power ကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ခါတရံ ကျွမ်းကျင်ပိုင်နိုင်မှု နယ်ပယ်တွေက အတော်လေး ကျဉ်းမြောင်းတတ်ပါတယ်။ ဥပမာ လုပ်ငန်းတစ်ခုရဲ့ အဖွဲ့သားတစ်ဦးက ကိန်းဂဏန်းတွေကို ဘယ်လိုထိန်းချုပ်ရမယ်၊ တွက်ချက်ရမယ်လို့ သူ့ရဲ့အထက်လူကြီးက ပြောလာတဲ့အခါ ကျွမ်းကျင်တဲ့ ဌာန လူကြီးရဲ့စကားကို ဂရုတစိုက် လိုက်နာပေမယ့် တခြားမန်နေဂျာနဲ့ အကြီးအကဲတွေရဲ့ စကားကို လစ်လျူ ရှုတတ်ကြပါတယ်။ ဒီဥပမာမှာ အဖွဲ့သားက နယ်ပယ်တစ်ခုက ကျွမ်းကျင်မှုကို အသိအမှတ်ပြုပြီး တခြား နယ်ပယ်တစ်ခုရဲ့ သြဇာလွှမ်းမိုးမှုကို တွန်းလှန်နေပါတယ်။ နောက်တစ်ခုက expert power ရဖို့ဆိုတာ နမူနာ ပြောရရင် လူငယ်စာရင်းကိုင်တစ်ဦးက စာရင်းကိုင်သီအိုရီနဲ့ လုပ်ထုံးလုပ်နည်းများဆိုင်ရာ ဗဟုသုတများစွာကို ပိုင်ဆိုင်နိုင်ပေမယ့် အဲ့ဒိပိုင်နိုင်မှုကို အသိအမှတ်ပြုလက်ခံနိုင်ဖို့အတွက် အချိန်နဲ့အမျှ အသုံးချနေရပါတယ်။

၅။ Reference Power

Reference power ဆိုတာ လေးစားခံရခြင်း၊ သဘောကျခြင်း ဒါမှမဟုတ် နှစ်သက်ခြင်းတို့ကြောင့် တခြားသူတွေရဲ့ အပြုအမူကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဥပမာ မန်နေဂျာတစ်ဦးနဲ့ လက်အောက်ငယ်သားတွေရဲ့ အားကျအတုယူမှု အထောက်အထားတွေက reference power အတွက် အခြေခံဖြစ်ပါတယ်။ ဒီနေရာမှာ မန်နေဂျာကို အတုယူချင်တဲ့ လက်အောက်ငယ်သားတွေရဲ့ဆန္ဒလည်း ပါဝင်ဖို့ လိုပါတယ်။ ဒီ power ဟာ အများအားဖြင့်တော့ အထင်ကြီးလေးစားဖွယ် ပင်ကိုယ်စရိုက်လက္ခဏာများ၊ ဆွဲဆောင်မှုရှိတဲ့ ဒါမှမဟုတ် ကောင်းတဲ့ဂုဏ်သတင်းတွေကို ပိုင်ဆိုင်ထားသူတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်၊ ရုပ်ရှင်သရုပ်ဆောင်၊ အားကစားပုဂ္ဂိုလ် ဒါမှမဟုတ် တခြားလူသိများတဲ့ ပုဂ္ဂိုလ်များနဲ့ ဆက်စပ်မှုရှိနေပါတယ်။ (ဒါကြောင့်လည်း ဒီလူတွေကို စားသုံးသူအပြုအမူအပေါ် လွှမ်းမိုးဖို့ ကြော်ငြာတွေမှာ အသုံးပြုတာပါ)။

Yukl, Guinan, and Sottolano ပြုစုထားတဲ့ Power and Political Behavior အခန်းရဲ့ Influencing strategies များမှ ကောက်နုတ်ရေးသားထားပါတယ်။

U Zin Lwin Thant

M.Act, B.Act (MUE)