" သင့်ရဲ့ ငွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၁၀) ခု "

ငွေကြေးစီမံခန်ခွဲမှုနည်းလမ်း (၁၀) ချက်ကို မပြောခင် ဘာကြောင့် ငွေကြေးကို စီမံခန့်ခွဲသင့် သလဲဆိုတာ သုံးသပ်ကြည့်ကြရအောင်။ ငွေကြေးစီမံခန့်ခွဲမှုသာမလုပ်တတ်ရင်ကိုယ်ပိုင် ငွေကြေးကို အသုံးချတဲ့အပိုင်းမှာ အနည်းငယ်တော့ အခက်တွေ့နိုင်ပါတယ်။ ဝင်ငွေနဲ့ ထွက်ငွေဟာ မမျှသလိုနဲ့ လက်ထဲက ပိုက်ဆံကုန်သွားမှသာ “ငါဒီလောက်တောင် သုံးခဲ့မိ ပါလား” ဆိုပြီး စိတ်ရှုပ်သွားရပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုလုပ်တတ်မှသာ အသုံးစရိတ်ငွေ တွေကို တိတိကျကျ စီမံနိုင်မှာဖြစ်ပါတယ်။ ငွေကြေးစီမံမှုအခန်းကဏ္ဍက သင့်ရဲ့ဝင်ငွေနဲ့ အသုံးစရိတ်ကို ကောင်းမွန်စွာကိုင်တွယ်အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ငွေကြေး အခြေအနေဟာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ သင်္ချာမတော်လို့ စိတ်ပူစရာ မလိုပါဘူး။ အပေါင်းအနုတ်ကို လည်လည်ပတ်ပတ် တွက်ချက်နိုင်ရုံနဲ့ အဆင်ပြေနိုင်ပါပြီ။ သင်ဟာ ငွေရေးကြေးရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်မှုရှိနေရင် ဘဝဟာ ပိုပြီး သာယာ အဆင်ပြေလာနိုင်ပါတယ်။ သင့်အနေနဲ့သင့်တင့်တဲ့လစာ ဒါမှမဟုတ် ဝင်ငွေရှိနေပေမယ့် ပိုက်ဆံနဲ့ပတ်သက်လို့ ပူပင်နေရတယ်ဆိုရင်အောက်ပါအချက် (၁၀) ချက်ကို ဖတ်ရှုလေ့လာ နိုင်ပါတယ်။ ပမာဏများတဲ့ ငွေပေးချေမှုကိစ္စမျိုးကြုံရရင် သင်က အဲဒီငွေပမာဏကို သုံးနိုင် တယ်ဆိုပြီး ချက်ချင်းမဆုံးဖြတ်လိုက်ပါနဲ့ဦး။ တကယ်သုံးနိုင်တယ်ဆိုတာ သေချာလား အရင်ဆန်းစစ်ပါ။ ဒါမှမဟုတ် ဒီလို ငွေပမာဏမျိုးကို တခြားတစ်ခုမှာရော သုံးထားသေးလား အရင်စဉ်းစားပါ။ ဆိုလိုတာက လက်ရှိငွေကြေးနဲ့ သုံးရမယ့်ငွေပမာဏ၊နောက်စုဆောင်း ထားဖို့ ငွေပိုငွေလျှံ ဘယ်လောက်ကျန်မလဲဆိုတာကို တစ်ခါတည်းသတိထားနိုင်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ နောက်ထပ် သတိထားစရာတစ်ခုက သင်က ပိုက်ဆံရှိတယ်ဆို တိုင်း ငွေပေးချေမှုလုပ်နိုင်ပါတယ်လို့ ယူဆလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ပေး စရာရှိတဲ့ငွေနဲ့ နောက်လစာ ဒါမှမဟုတ် ဝင်ငွေမရခင် စပ်ကြားမှာ သုံးရမယ့်ငွေကို ထားရှိထားရမှာ ဖြစ်လို့ပါပဲ။ ငွေကြေးကို ဘယ်လိုစီမံမလဲ

(၁) ဝင်ငွေထွက်ငွေစာရင်းကို လုပ်ပါ။ လူအတော်များများက ဝင်ငွေထွက်ငွေစာရင်းကို သိပ်မလုပ်ကြဘူး။ ဘာလို့လဲဆိုတော့ အသုံးစရိတ်တွေကို စာရင်းမှတ်ရတာတွေ ပေါင်းနေ နုတ်နေရတာတွေကို အမြဲတမ်း လုပ်မနေချင်တာကြောင့် ဖြစ်ပါတယ်။ သင်က ပိုက်ဆံနဲ့ ပတ်သက်လို့ မစီမံတတ်သေးရင် ဝင်ငွေထွက်ငွေစာရင်း လုပ်လို့ရလာမယ့် အကျိုးတွေကို ရမှာမဟုတ်ပါဘူး။ တစ်လချင်းစီမှာ သင့်ရဲ့အသုံးစရိတ်တွေကို နာရီအနည်းငယ်လောက် အချိန်ယူပြီး တိတိကျကျမှတ်သားနိုင်ဖို့ ဘာကြောင့်မလုပ်ချင်ရတာလဲ။ ဝင်ငွေရဖို့ချည်း အမြဲစဉ်းစားနေတာထက် သင့်ဘဝကို ပိုမိုအဆင်ပြေသွားစေနိုင်မယ့် ဝင်ငွေထွက်ငွေစာရင်း ကိုလည်း အာရုံစိုက်ပြီး တွက်ချက်သင့်ပါတယ်။

(၂) တွက်ချက်ပြီးသား ဝင်ငွေထွက်ငွေစာရင်းကို လက်တွေ့အသုံးချပါ။ တွက်ချက်ပြီးသား ဝင်ငွေထွက်ငွေစာရင်းတွေကို သင့်ရဲ့စာအုပ်စင်မှာ ထိုးသိမ်းထားလိုက်တာမျိုး၊ ဗီရိုအံဆွဲထဲ ထည့်ထားလိုက်တာမျိုးကလည်း အသုံးဝင်မှာမဟုတ်ပါဘူး။ ကိုယ်ရဲ့အသုံးစရိတ်အတွက် လမ်းပြမြေပုံအဖြစ် အသုံးပြုပါ။ လစဉ်အသုံးစရိတ်များကိုလည်း ထပ်မံမှတ်သားပါ။ သင်ဘယ်လောက်ပေးချေစရာ ကျန်သေးလဲ၊ တစ်လအတွင်းမှာ သင်ဟာဘယ်လောက် သုံးနိုင်ခဲ့သလဲ စတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) စာရင်းမလုပ်ဘဲ သုံးနေတာတွေကို စပြီးဆင်ခြင်ပါ။ သင့်ရဲ့ဝင်ငွေထွက်ငွေစာရင်းကို စစ်ခြင်းက သင့်ရဲ့ဝင်ငွေထဲက အသုံးစရိတ် ကိုနုတ်ပြီး ကျန်ရှိနေတဲ့အသားတင် ဝင်ငွေ ပမာဏကို ရှင်းရှင်းလင်းလင်း သိရှိနိုင်စေပါတယ်။ ပိုက်ဆံများများစားစား ပိုနေသေးရင် သင်ပျော်ရွှင်ဖို့အတွက်၊ စိတ်အပန်းဖြေစရာတွေ အတွက် စိတ်ချလက်ချ သုံးစွဲနိုင် ပါပြီ။ ဒါပေမဲ့တစ်ခုသတိထားရမှာကသင်သုံးမယ့် ငွေပမာဏကို တိတိကျကျ လုပ်ထားရမှာ ဖြစ်ပါတယ်။ တကယ်လို့ အသားတင်ငွေပမာဏဟာ အများကြီးပိုမနေရင်တောင် သင်ဟာ အသုံးစရိတ်ကို ဖယ်ထုတ်ပြီးသားဖြစ်တာမို့ တစ်လလုံးမပျောက်မပျက်ဘဲ ရှိနေတော့မှာပါ။

(၄) သင့်ရဲ့အသုံးစရိတ်ကို စတင်ခြေရာခံ စိစစ်ပါ။ ပိုသုံးမိမယ်လို့ထင်တဲ့ အသုံးစရိတ် သေးသေးအမွှားမွှားလေးတွေကို မသုံးခင်ကတည်းက ကြိုတင်စီစဉ် မှတ်သားတွက်ချက်ပါ။ သင့်ပိုက်ဆံတွေကို သတိမထားမိဘဲ ဘယ်နေရာမှာ ပိုအသုံးချနေသလဲဆိုတာ လေ့လာ စောင့်ကြည့်ပါ။ ဖြတ်ပိုင်းတွေ၊ ဘောင်ချာတွေကို သိမ်းထား မှတ်ထားပါ။ ဒါဆိုရင် သင် အလေအလွင့်ဖြစ်သွားတယ်လို့ ထင်နေရတဲ့ပိုက်ဆံတချို့ကို အလွယ်တကူစစ်ဆေးနိုင်ပါ တယ်။

(၅) လစဉ်ငွေပေးဆောင်ရတဲ့ အရာမျိုးမလုပ်ပါနဲ့။ လစဉ်အတိုးပြန်ပေးရမယ့်ချေးငွေမျိုးကို မချေးပါနဲ့။ သင်က လစဉ်ဝင်ငွေရှိပြီး အကြွေးဆပ်နိုင်တယ်ဆိုတိုင်း အကြွေးမယူသင့်ပါ ဘူး။နောက်ပြီး လပေးနဲ့ဝယ်ရတဲ့ပစ္စည်းမျိုးကိုလည်း မဝယ်သင့်ပါဘူး။ ဘာကြောင့်လည်းဆို တော့ လပေးပစ္စည်းများဟာ အချိန်ကာလ အကန့်အသက်နဲ့စောင့်ပြီးမှ ငွေချေရတဲ့အတွက် အနည်းငယ်ဈေးကြီးနေတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့လစဉ်ဝင်ငွေအပေါ်မူတည်ပြီးလပေး ပစ္စည်းများနဲ့ အကြွေးများကို ချင့်ချိန်ပြီး သုံးစွဲသင့်ပါတယ်။

(၆) သင်ပေးချေးတဲ့ငွေကြေးတန်ဖိုးဟာပစ္စည်းတန်ဖိုးနဲ့သင့်တင့်ပါစေ။ သင်က ပစ္စည်းတစ်ခု ဝယ်ရင် ဈေးဆစ်ခြင်းနဲ့ ပစ္စည်းတန်ဖိုးများ နှိုင်းယှဉ်ခြင်းကိုလုပ်ဆောင်ရပါမယ်။ သင်သုံး လိုက်တဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုများက အနိမ့်ဆုံး(ဈေးအသင့်ဆုံး)ဖြစ်ဖို့ အမြဲဂရုစိုက်ပါ။ Discount တွေ၊ ကူပွန်တွေနဲ့ ဈေးချိုတဲ့အစားထိုးကုန်စည်များကို ရှာဖွေသုံးစွဲပါ။

(၇) တန်ဖိုးကြီးပစ္စည်းတွေအတွက် ငွေပေးချေမှုကို ချွေတာပါ။သင့်စိတ်ကျေနပ်မှု အကြာ ကြီးရနိုင်တဲ့ပစ္စည်းမျိုးကို ငွေသုံးစွဲခြင်းဟာ အကောင်းဆုံးပါပဲ။ တန်ဖိုးကြီးပစ္စည်းတွေ အတွက် ငွေပေးချေမှုကို ရှောင်ရှားဖို့ ချွေတာဖို့ဆိုတာက ဈေးကြီးပြီးသင့်အတွက် အရေး ကြီးပြီးအသုံးလိုမယ့်အရာတွေကို ရှောင်ခိုင်းတာမဟုတ်ပါဘူး။ သင်ပေးရတဲ့ငွေပမာဏနဲ့ ပြန်လည်ရရှိတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုဟာ တန်၏မတန်၏ကို စဉ်းစားဖို့ပြောတာပါ။

(၈) Credit Card ဒါမှမဟုတ် Mobile Banking အသုံးပြုမှုကို ကန့်သတ်ထားပါ။ သင်ဟာ လက်ဖွာသူတစ်ယောက်ဆိုရင် အလွယ်တကူပေးချေနိုင်တဲ့ Credit Card လို Mobile Banking မျိုးအရာတွေဟာ သင့်အတွက် အဆိုးဆုံးရန်သူပါပဲ။ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေမရှိတော့တဲ့အခါ သင်ပေးချေနိုင်တဲ့ ငွေပမာဏမျိုးဆို သင်ဟာ Credit Card ကနေ ချက်ချင်းသုံးစွဲလိုက်မယ့် အလားအလာရှိနေပါတယ်။ သင်တကယ်မလိုအပ်တဲ့အရာကို မဝယ်ဘဲနေနိုင်အောင်နေပါ။ လိုအပ်ချက်(Need) နဲ့ ဆန္ဒ (Want) ကိုခွဲခြားတတ်ပါစေ။

(၉) ပုံမှန်ငွေစုပါ။ ငွေစုစာအုပ်ထဲမှာ တစ်လချင်းငွေထည့်ထားခြင်းဟာ ကောင်းမွန်တဲ့အလေ့ အကျင့်ပါပဲ။ ဒါဆိုရင် သင်ဟာ ငွေစာရင်းစစ်ရာကနေ ငွေပမာဏများစွာ စုလာနိုင်တဲ့အထိ တိုးတက်လာတော့မှာပါ။ သတိထားစရာတစ်ခုက နံပါတ်(၈) အချက်ထဲကလို အလွယ်တကူ ငွေပေးချေမှု မလုပ်ဖို့ပါပဲ။

(၁၀) ပိုက်ဆံနဲ့ ကောင်းမွန်တဲ့အလေ့အကျင့်ကို တည်ဆောက်ပါ။ အစပိုင်းမှာတော့ သင်ဟာ သင့်အစီအစဉ်တွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့နဲ့ ဝယ်နိုင်တဲ့ပစ္စည်းမျိုးကိုတောင် ချွေတာပြီး မဝယ် သင့်ရင် မဝယ်ဖို့က ကျင့်သားရမှာ မဟုတ်သေးပါဘူး။ နေ့စဉ်ဘဝမှာ ပိုက်ဆံနဲ့ပတ်သက်တဲ့ အလေ့အကျင့်ကို အမြဲလုပ်နိုင်လေလေ သင့်ရဲ့ငွေကြေးအခြေအနေဟာသာယာပျော်ရွှင် ဖွယ်ဖြစ်လာမှာပါ။

§ ယခုဆောင်းပါးသည် မူရင်းစာရေးသူ LaToya Irby ၏ THE BALANCE WEBSITE တွင် ရေးသားထားသော ‘10 Simple Ways To Manage Your Money Better’ ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

 

U Aung Thu

B.Com (Mtl Eco), M.Com, PG Dip Research Studies (Myw Eco)