‘’ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို စိတ်အားတက်ကြွစေဖို့ နည်းလမ်း 10 ခု ‘’

ယနေ့ခေတ်မှာ ဝန်ထမ်းများကို လုပ်ငန်းခွင်မှာ စိတ်အားတက်ကြွစေဖို့နဲ့ စိတ်ရောကိုယ်ပါ တက်ကြွစွာ ပါဝင် လုပ်ဆောင်စေဖို့ လုပ်ငန်းရှင်များဘက်မှ သေချာ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

လုပ်ငန်းရှင်များအနေနဲ့ ဝန်ထမ်းများအား အလုပ်ခွင်မှာ စိတ်အားတတ်ကြွစေတဲ့ လှုံ့ဆော်မှုများကိုလည်း သိရှိဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများဟာ အလုပ်လုပ်ဆောင်တဲ့ ရာထူး၊ တာဝန် မတူသလို လုပ်ငန်းရှင်များဘက်မှလည်း မတူတဲ့ လှုံ့ဆော်မှုများ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ ဝန်ထမ်းများ စိတ်ခွန်အားအပြည့်နဲ့ အလုပ်လုပ်ဆောင်ပါက လုပ်ငန်းခွင် အဆင်ပြေချောမွေ့ပြီး လုပ်ငန်းမှ ချမှတ်ထားတဲ့ ပန်းတိုင်များကို အချိန်တိုအတွင်း ရနိုင်ပါတယ်။ ဒါကြောင့် ၀န်ထမ်းများ ၎င်းတို့ရဲ့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်စေဖို့ လှုံ့ဆော်မှု လိုအပ်ပါတယ်။ အသေးစားလုပ်ငန်းရှင်များအနေနဲ့  ဝန်ထမ်းတွေကို စိတ်အား တက်ကြွစေတဲ့ လှုံ့ဆော်မှုတွေကို ကောင်းစွာအသုံးချနိုင်ပေမယ့်လည်း လုပ်ငန်းကြီးများအနေနဲ့ အဖွဲ့အစည်းများစွာပါဝင်တဲ့ အလွန်ကြီးမားတဲ့ လုပ်ငန်းများအတွက် ဝန်ထမ်းများ စိတ်အားတက်ကြွစေဖို့ ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတာဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။

ဒါ့အပြင် လုပ်ငန်းရှင်များအနေနဲ့ ၀န်ထမ်းတွေကို စိတ်အားတက်ကြွစေဖို့ လက်တွေ့အသုံးပြုနေတဲ့ လှုံ့ဆော်မှုများ ကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းဘက်မှ ကမ်းလှမ်းထားတဲ့ လှုံ့ဆော်မှုများ ဥပမာ အကျိုးခံစားခွင့်များနဲ့ မက်လုံးများဟာ ဝန်ထမ်းတွေကို လက်တွေ့မှာ စိတ်အားတက်ကြွမှုကို ဖြစ်စေသလား။ ဒီကမ်းလှမ်းချက်တွေဟာ တကယ့်လက်တွေ့မှာ အလုပ်ဖြစ်၊ မဖြစ်ကိုလည်း  စဉ်းစားဖို့ လိုအပ်ပါတယ်။ လုပ်ငန်း ခွင်မှာ စိတ်အားတက်ကြွတဲ့ ၀န်ထမ်းများထားကာ အလုပ်လုပ်ပါက အထိရောက်ဆုံးဖြစ်မယ်လို့ ယုံကြည်ပြီး ၀န်ထမ်းတွေကို စိတ်အားတက်ကြွစေတဲ့ အောက်မှာ ဖော်ပြတဲ့ လှုံ့ဆော်မှုတွေကို လေ့လာခဲ့ကြပါတယ်။

 

၁။ ဝန်ထမ်းတစ်ဦးချင်းဆီရဲ့ လိုအပ်ချက်တွေကို သိရှိဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေကို စိတ်အားတက်ကြွစေဖို့ လှုံ့ဆော်ရာမှာ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်များအပေါ် အခြေခံပါက ပိုမိုထိရောက်ကြောင်း တွေ့ရှိရပါတယ်။ စိတ်အားတက်ကြွစေဖို့ လှုံ့ဆော်မှုများ ဥပမာ Bonus ပေးခြင်း  ဒါမှမဟုတ် Promotion ရာထူးတိုးပေးခြင်းဟာ ဝန်ထမ်း တချို့အတွက် လှုံ့ဆော်မှုဖြစ်ပေမယ့်လည်း ဝန်ထမ်းအားလုံးကိုတော့ လှုံ့ဆော်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံပြီး လှုံ့ဆော်မှု မက်လုံးများပေးတာက ပိုမိုထိရောက်နိုင်ပြီး စိတ်အားတက်ကြွမှုကို ဖြစ်စေကာ လုပ်ငန်းခွင် တိုးတတ်စေနိုင်ပါတယ်။

 

၂။ ၀န်ထမ်းတွေရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များ ဒါမှမဟုတ် achievememnt တွေကိုလည်း လုပ်ငန်းဘက်မှ appreciate အသိအမှတ်ပြု ဆက်ဆံပေးဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ စည်းကမ်းလိုက်နာတဲ့ ၀န်ထမ်းများ ဒါမှမဟုတ် အတော်ဆုံး၀န်ထမ်းတွေကို လုပ်ငန်းဘက်မှ တန်ဖိုးထားကြောင်း ဖော်ြပတာကလည်း ၀န်ထမ်းတွေကို စိတ်အားတက်ကြွမှုကို ဖြစ်စေပါတယ်။

 

၃။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေအတွက် ကောင်းမွန်တဲ့ ပိုင်ဆိုင်မှုတွေကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ဥပမာ- အလုပ်ပျက်ရက် အနည်းဆုံးဖြစ်တဲ့ ၀န်ထမ်းတွေကို reward ပေးခြင်း၊ ကောင်းမွန်တဲ့လုပ်ငန်း ရလဒ်များ ဖြစ်ပေါ်စေခြင်း ဒါမှမဟုတ်  သတ်မှတ်ထားတဲ့ Target တွေ ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်း ဆိုတာတွေ အပေါ်မှာ လုပ်ငန်းဘက်မှ အသိအမှတ်ပြုပေးတာမျိုးတွေ ဆောင်ရွက်ပေးတာက ၀န်ထမ်းတွေကို စိတ်အားတက်ကြွစေပါတယ်။

 

၄။ ၀န်ထမ်းများ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အခြေခံလှုံ့ဆော်မှုတွေကို လုပ်ငန်းခွင်မှာ စနစ်တကျ သက်မှတ်ပေး ထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ မတူညီတဲ့ လှုံ့ဆော်မှု များစွာရှိပါတယ်။ ဥပမာ- ငွေ၊  အားလပ်ရက်ပေး ခြင်း၊ အသိအမှတ်ပြုခြင်း၊ လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ အခွင့်အရေးပေးခြင်း၊ ရာထူးတိုးခြင်း စတာတွေကို သေချာသက်မှတ်ထားရှိဖို့ လိုအပ်ပါတယ်။

 

၅။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေကို စိတ်အားတက်ကြွစေတဲ့ လှုံ့ဆော်မှုများ စနစ်တကျ သက်မှတ်ထားရှိဖို့ လိုအပ်သလို ၀န်ထမ်းတွေကိုလည်း အဲ့ဒီလှုံ့ဆော်မှုတွေက ရေရှည်အတွက်ဖြစ်ကြောင်း ဖော်ြပဖို့လည်း လိုအပ်ပါတယ်။ တချို့လှုံ့ဆော်မှုတွေက ၀န်ထမ်းတွေကို ရေတိုအတွက် စိတ်အားထက်သန်မှုကို ဖြစ်ပေါ် စေပေမယ့်လည်း ရေရှည်အတွက် သေချာမှုမရှိပါက အသုံး၀င်မှာမဟုတ်ပါဘူး။

 

၆။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေကို စိတ်အားထက်သန်စေဖို့ လှုံ့ဆော်မှုများ လုပ်ဆောင်ရာမှာ ၀န်ထမ်း တစ်ဦးချင်းစီမှာရှိတဲ့ ပန်းတိုင်တွေပေါ်မှာ အခြေခံသင့်ပါတယ်။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေဟာ ရာထူးအလုပ် တာ၀န်မတူသလို တစ်ဦးချင်းစီမှာရှိတဲ့ ပန်းတိုင်တွေလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ကြီးမားတဲ့ လှုံ့ဆော်မှုတွေဖြစ်တဲ့ မက်လုံးတွေဟာ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ ပန်းတိုင်များနဲ့ ချိတ်ဆက်မှု မရှိပါက  စိတ်အားထက်သန်မှု ဖြစ်ပေါ်မှာ မဟုတ်ပါဘူး။

 

၇။ ဝန်ထမ်းအများစုဟာ လုပ်ငန်းမှ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုမှုကို လိုလားကြပါတယ်။ ဒါမှသာ ၎တို့လုပ်ဆာင်နေရတဲ့ လုပ်ငန်းတာ၀န်များဟာ အရေးပါတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ၎င်းတို့ရဲ့ အခန်းကဏ္ဍ ဘယ်လိုပဲဖြစ်စေကာမူ လုပ်ငန်းဘက်မှ အသိအမှတ်ပြု အလေးပေးခံရပါက ၎တို့ လုပ်ဆောင်နေရတဲ့ အလုပ်တာ၀န်တွေဟာ ထူးခြားတယ်လို့ ခံစားရကာ စိတ်အားထက်သန်မှုကို ဖြစ်စေပါတယ်။

 

၈။ တချို့လှုံ့ဆော်မှုတွေက ပြင်ပမှလာတာကြောင့် ထိရောက်မှုနဲ့ ရေရှည်တည်တံ့မှုမှာ အကန့်အသက် ရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ၀န်ထမ်းတွေကို ပင်ကိုယ်စိတ်အားထက်သန်စေဖို့လည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ ၀န်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို လှုံဆော်ပေးဖို့ ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး ပံ့ပိုးကူညီဖို့လည်း လိုအပ်ပါတယ်။ ဥပမာ- အထက်အောက် ၀န်ထမ်းတွေရဲ့ ဆက်ဆံရေးတွေကို ကောင်းမွန်စွာ တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးစီရဲ့ ကိုယ်ရေးကိုယ်တာ ပန်းတိုင်များသိရှိနိုင်ကာ အဲ့ဒီမှတစ်ဆင့် လိုအပ်တဲ့အရာများ ပံ့ပိုးကူညီပေးခြင်းက  စိတ်အား ထက်သန်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

 

၉။ လုပ်ငန်းကြီးတွေမှာ ၀န်းထမ်းတွေကို စိတ်အားထက်သန်စေဖို့ လှုံဆော်မှုတွေ လုပ်ဆောင်ရာမှာ ရေတိုမက်လုံးများပေးတာထက် ရေရှည်မက်လုံးများကို ပေးဖို့လိုအပ်ပါတယ်။ ထိုမက်လုံးများကလည်း ဝန်ထမ်း တွေကို လက်တွေ့ဆန်စွာ လှုံ့ဆော်ပေးသလို ဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့လည်း ကိုက်ညီဖို့  လိုအပ်ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းကြီးတွေမှာ ၀န်ထမ်းရဲ့ အခြေခံလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လှုံ့ဆော်မှုတွေ လုပ်ဆောင်ရာမှာ ငွေကြေးပေါ်မှာ အခြေခံတဲ့ မက်လုံးများနဲ့ တခြားမက်လုံးများကို ရေရှည်တည်တံ့ဖို့ လုပ်ဆောင်သင့်ပါတယ်။

 

၁၀။ လုပ်ငန်းမှပေးတဲ့ မက်လုံးတွေဟာ ၀န်ထမ်းတွေအနေနဲ့ ရယူနိုင်ဖို့ခက်ခဲပါက ထိရောက်မှာ မဟုတ်ပါဘူး။ ဥပမာ- လုပ်ငန်းမှ ချမှတ်ထားတဲ့ goal များ ဒါမှမဟုတ်၊ Target များဟာ အလွန်မြင့်မားနေပါက အဲ့ဒီအပေါ်မှာ အခြေခံတဲ့ မက်လုံးများဟာလည်း ၀န်ထမ်းတွေ စိတ်အားထက်သန်စေဖို့ လှုံ့ဆော်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ၀န်ထမ်းများ ကြိုးစားပြီးရယူနိုင်တဲ့ မက်လုံးတွေကိုပဲ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

အထက်မှာ ‌ဖော်ပြခဲ့တဲ့ အချက် ၁၀ ချက်ဟာ လုပ်ငန်းကြီးတွေမှာ ဝန်ထမ်းတွေ စိတ်အားတက်ကြွစေဖို့ ဘယ်လိုမျိုး လုပ်ဆောင်ရမယ်ဆိုတာကို လေ့လာဆွေးနွေးထားခြင်းပဲ ဖြစ်ပါတယ်။

 

Forbes Coaches Council ရဲ့ 10 Ways To Keep Employees Motivated At A Large Business ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

 

Daw Thwet Shwe Yee Htun

M.Com, B.Com (MEUE) Meiktila University of Economics