Renault's Refactory Model: Circular Economy Hub

Renault Group ဆိုတာ ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေးအုပ်စုတွေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကားများ၊ ကုန်တင်ကားများ၊ ဆိုင်ကယ်များ၊ လျှပ်စစ်ကားများ ထုတ်လုပ်ဖြန့်ချိခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်လျက်နေတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ စက်ရုံများစွာဖွင့်လှစ်ထားတဲ့ လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ ပြည်တွင်းစျေးကွက်အတွက် ကားများနဲ့ ကုန်တင်ကားများအပြင် နိုင်ငံတကာစျေးကွက်အတွက်လည်း ကားများထုတ်လုပ်ပေးပါတယ်။ ကားဝယ်ယူသူများအတွက် ကားပြုပြင်မှု၊ အာမခံ ကားငှားရမ်းခြင်း စတဲ့ ဝန်ဆောင်မှုတွေလဲ ပေးပါသေးတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ရေရှည်အကျိုးရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေကို အလေးထားဆောင်ရွက်လျက်ရှိနေပါတယ်။ ဒါကြောင့် လက်ရှိမှာ လျှပ်စစ်ကားထုတ်လုပ်မှုကို တိုးမြှင့်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစက်ရုံများကို တည်ဆောက်လျက်ရှိပါတယ်။ အခုကတော့ ပြင်သစ်အနားမှာရှိ Filns Refactory နဲ့ သူရဲ့ Circular economy model အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

2020 မှာဆိုရင် Renault ရဲ့ CEO Luca de Meo က "Renaulution" ဆိုတဲ့ မဟာဗျူဟာတစ်ခုကို ကြေညာခဲ့ပါတယ်။ ဒီမဟာဗျူဟာရဲ့ရည်ရွယ်ချက်က Circular Economy အပေါ်အခြေခံကာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ လျှပ်စစ်မော်တော်ယာဉ်တွေထုတ်လုပ်ရေးကို အဓိကထားဖို့ဖြစ်ပါတယ်။ ဒီဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် 2025 မှာ လျှပ်စစ်မော်တော်ယာဉ် (EV ကား) မော်ဒယ်အသစ် 10 ခု ထုတ်လုပ်ရန် စီစဉ်ထားပါသေးတယ်။ နောက်ထပ် 2030 မှာလဲ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ထုတ်လွှတ်မှု အနုတ်တန်ဖိုးရောက်ဖို့ ရည်မှန်းထားပါသေးတယ်။ ဒါဟာ လျှပ်စစ်မော်တော်ယာဉ်များရဲ့ ထုတ်လုပ်မှုနည်းစနစ်နဲ့ စက်ဝိုင်းစီးပွားရေးပုံစံ (circular economy) တို့အပေါ် အခြေခံထားတာဘဲဖြစ်ပါတယ်။

Renault အနေနဲ့ Refactory မှာ အခြေခံအချက် (၄) ချက်ကို အဓိကထားလုပ်ဆောင်ပါတယ်။ အဲ့တာတွေကတော့ Re-trofit၊ Re-start၊ Re-energy၊ Re-cycle တို့ဘဲဖြစ်ပါတယ်။ Re-trofit (ယာဉ်အသက်ရှည်စေခြင်း) ဆိုတာ မော်တော်ယာဉ်တွေကို သက်တမ်းပိုရှည်ဖို့ နည်းလမ်းတွေနဲ့ ပြုပြင်ထိန်းသိမ်းခြင်း ဖြစ်ပါတယ်။ Re-start (စက်ပစ္စည်းများ ပြန်လည်တပ်ဆင်ခြင်း) ဆိုတာ စက်ရုံထဲမှာရှိတဲ့ ထုတ်လုပ်မှုလိုင်းများ (Production and assembly line) နဲ့ စက်ပစ္စည်းများကို လျှပ်စစ်ယာဉ်ထုတ်လုပ်မှုအတွက် ပြန်လည်စီမံအသုံးပြုဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ယာဉ်ထုတ်လုပ်မှုစနစ်တွေကို အနာဂတ်နည်းပညာတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ခြင်းအသုံးပြုခြင်းမျိုးလဲ ဖြစ်ပါတယ်။ Re-energy (စွမ်းအင်ပြန်လည်အသုံးပြုမှု) ဆိုတာ အသုံးပြုပြီးတဲ့ ဘက်ထရီတွေကို Second life အဖြစ် ပြန်လည်အသုံးပြုခြင်းမျိုး ဖြစ်ပြီး စွမ်းအင်သိုလှောင်မှုနဲ့ သယ်ဆောင်မှုအတွက် တီထွင်စီမံခြင်း လုပ်တာမျိုးဖြစ်ပါတယ်။ Re-cycle (မော်တော်ယာဉ်အစိတ်အပိုင်းများ ပြန်လည်အသုံးပြုခြင်း) ဆိုတာ မော်တော်ယာဉ်အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်မှုများ ပြုလုပ်ကာ အသုံးပြုမှုကို တိုးမြှင့်နေခြင်း ဖြစ်ပါတယ်။

Re-trofit: Giving Vehicles New Life

Refactory ရဲ့ Circular activity Re-trofit ဖြစ်တဲ့ ယာဉ်သက်တမ်းကို ပိုရှည်အောင်လုပ်တဲ့နေရာမှာ ICE to EV Conversion (Internal Combustion Engine မှ Electric Vehicle သို့ ပြောင်းလဲခြင်း) ဟာ ထင်ရှားတဲ့ ပြရုပ်တစ်ခုပါ။ Phoenix Mobility နဲ့ ပူးပေါင်းပြီး ICE Master မော်တော်ယာဉ်တွေကို EV လျှပ်စစ်မော်တော်ယာဉ်များအဖြစ် ပြန်လည်ပြုလုပ်ခြင်းတွေ လုပ်ခဲ့ပါတယ်။ မော်တော်ယာဉ်အသစ်များထုတ်လုပ်ဖို့ထက် အသုံးပြုပြီးသား ICE မော်တော်ယာဉ်တွေကို ပြန်လည်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်နဲ့ စီးပွားရေးအကျိုးကျေးဇူးများရရှိစေပါတယ်။ နောက်ပြီး Used Car Factory (အသုံးပြုပြီးသော မော်တော်ယာဉ်များပြုပြင်မှုစက်ရုံ) အနေနဲ့လည်း ကားငှားရမ်းသုံးမှုနဲ့ ကားအငှားလုပ်ငန်းများမှ ရရှိတဲ့ အဟောင်းယာဉ်တွေကို ပြန်လည်ပြုပြင်ခြင်းလုပ်ခဲ့ပြီး ပြုပြင်ရေးအချိန်တွေကိုလည်းကို ၂၁ ရက်မှ ၁၀ ရက်အထိ လျှော့ချနိုင်ခဲ့ကာ အချိန်ကုန်သက်သာမှုနဲ့ ပိုမိုထိရောက်တဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို စနစ်တကျဆောင်ရွက်နေပါတယ်။ Re-trofit လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဟောင်းယာဉ်တွေကို သက်တမ်းပိုရှည်အောင်လုပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီးပွားရေးဆန်းသစ်မှုကို အဓိကထားဖော်ဆောင်ဖို့ ဖြစ်ပါတယ်။

Re-energy: Battery Second Life

Flins Refactory စက်ရုံအတွက် ဘက်ထရီအပိုင်းဟာ ပြန်လည်အသုံးပြုသည့်စွမ်းအင် (Re-energy) နဲ့ ပြန်လည်အသုံးပြုခြင်း (Re-cycle) တို့အကြားမှာ အရေးပါတဲ့ စဉ်းစားစရာတစ်ခုပါ။ ZOE ဘက်ထရီအသုံးပြုလျှပ်စစ်ကားများမှ ဘက်ထရီများဟာ စွမ်းဆောင်ရည်နဲ့ထိရောက်မှုမြင့်မားတာကြောင့် ယနေ့ထိ ယာဉ်တွေမှာ အောင်မြင်စွာ အသုံးပြုနေဆဲပါ။ သို့သော် ကားများအတွက် ပိုမိုလုံလောက်တဲ့ စွမ်းအားအသုံးပြုမှုတွေလိုအပ်တာကြောင့် Battery second life အသုံးပြုမှုကို Advanced Battery Storage (ABS) စနစ်တွေနဲ့အတူ စီစဉ်ခဲ့ပါတယ်။ ဒီ ABS စနစ်ကို Flins Refactory မှာ အသုံးပြုနေပြီး Nidec လိုလုပ်ငန်းတွေနဲ့လဲ ပူးပေါင်းကာ 1 MWh ဘက်ထရီများကို Battery second life နဲ့ စွမ်းအင်လိုအပ်ချက်တို့ကို မြှင့်တင်ဖို့ Grid balancing စနစ်အတွက် ရည်ရွယ်လုပ်ဆောင်ထားပါသေးတယ်။ နောက်ထပ်တစ်ခုက "Better Pack" ဆိုတဲ့ အသုံးပြုပြီးသား ဘက်ထရီများကို second life အဖြစ် အသုံးပြုကာ မိုဘိုင်းအခြေပြု လုံးဝကာဗွန်မထုတ်လွှတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေးစက်များအဖြစ်လည်း ပြောင်းလဲခဲ့ပါတယ်။ နောက်တစ်ခုက Solvey နဲ့ Veolia တို့နဲ့လည်းပေါင်းပြီး Renault က သူ့ရဲ့ဘက်ထရီများကို ပြန်လည်အသုံးပြုဖို့ Battery second and third life ကိုလည်း လုပ်ဆောင်ထားပါသေးတယ်။

Re-cycle: Component Refurbishment

Recycle အပိုင်းမှာဆိုရင်လည်း Car spare parts တွေ ပါဝင်ပါတယ်။ Choisy-le-Roi စက်ရုံမှ စပဲယာယာဉ်အစိတ်အပိုင်းများပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို Flins Refactory သို့ရွှေ့ပြောင်းပေါင်းစပ်ပြီး 2023 ကစတင်ကာ spare parts refurbishment ကို လုပ်ဆောင်ပါတယ်။ ရည်ရွယ်ချက်ကတော့ Spare parts များကို Mechatronic Repairs စနစ်နဲ့အတူ တိကျစွာပြုပြင်ပြီး အသုံးပြုနိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက Re-cycle နဲ့ Repair မှာ Stellantis, Toyota နဲ့ အခြားမော်တော်ယာဉ်အမှတ်တံဆိပ်များကိုလည်း ပြုပြင်နိုင်စွမ်းရှိပါသေးတယ်။ ဒါ့ကြောင့် Re-cycle ရဲ့ ရည်ရွယ်ချက်က မော်တော်ယာဉ်အစိတ်အပိုင်းတွေကို စွမ်းအင်နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုအရ ပြန်လည်အသုံးပြုနိုင်ရန်ဖြစ်ပြီး အသုံးချစွမ်းဆောင်ရည်ကို တိုးတက်စေကာ အကျိုးကျေးဇူးများရစေမှာပဲ ဖြစ်ပါတယ်။

Re-start: Preparing for the Future

Renault ဟာ Re-start ကဏ္ဍကိုလည်း တည်ဆောက်လျက်ရှိပါတယ်။ ဝန်ထမ်းတွေကိုလည်း စက်စ္စည်းတွေအပေါ်မှာ သေချာပြုပြင်ပြီး Robotics တွေ တိုးတက်လာကာ ထုတ်လုပ်မှုလိုင်းအသစ်တွေအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်သလို EV ကားတွေကို စရိတ်ထိရောက်စွာနဲ့ အရေတွက်များများထုတ်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒီအတွက် ဝန်ထမ်း 300 ကျော်ကိုလည်း သေချာသင်ကြားပြီး Circular economy နဲ့ EV ယာဉ်စနစ်ကို သေချာနားလည်အောင် Practical နဲ့ Academic သင်ယူမှုတွေပါ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် Re-start ရဲ့ ရည်ရွယ်ချက်ဟာ အနာဂတ်ထုတ်လုပ်မှုများအတွက် စက်ပစ္စည်းများနဲ့ ဝန်ထမ်းများကို ပြန်လည်ပြင်ဆင်ရန်ဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်နဲ့ Circular Economy စက်ဝိုင်းစီးပွားရေးကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

The Refactory Model

Flins Refactory စက်ရုံဟာ Renault ရဲ့ Circular economy model စက်ဝိုင်းစီးပွားရေးမော်ဒယ်ကို စတင်စမ်းသပ်လုပ်ဆောင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ လျှပ်စစ်မော်တော်ယာဉ်နဲ့ ပြုပြင်ပြောင်းလဲမှုများအတွက် အဓိကနေရာဆိုလဲ မမှားပါဘူး။  စပိန်နိုင်ငံမှာရှိတဲ့ Sevilla Refactory ကိုလည်း အသစ်ထပ်မံဖွင့်ထားပါသေးတယ်။ Flins ရဲ့ အတွေ့အကြုံများကို အခြေခံကာ အသစ်ဖွင့်လှစ်ထားပြီး စက်ဝိုင်းစီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့နေပါတယ်။ နောက်ထပ်လည်း Turkey, South America, Portugal တို့မှာ အသစ်ဖွင့်လှစ်ဖို့လည်း စီစဉ်နေပါတယ်။ ဒီရည်မှန်းချက်ဟာ Refactory မော်ဒယ်ကို ကမ္ဘာအနှံ့ ပျံ့နှံ့စေပြီး နိုင်ငံအလိုက် Circular economy နဲ့အတူ အခြေခံသက်ဆိုင်ရာလုပ်ငန်းကဏ္ဍများမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်စေမှာဖြစ်ပါတယ်။ ဒီ မော်ဒယ်မှာ အဓိကပြဿနာက လုပ်ငန်းကျွမ်းကျင်မှုလိုအပ်ချက်ဖြစ်တာကြောင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ Battery Recycling (ဘက်ထရီပြန်လည်အသုံးပြုမှု) ဘက်ထရီပြန်လည်အသုံးပြုခြင်းဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ရုပ်ပိုင်းဆိုင်ရာရော ဓာတုဗေဒဆိုင်ရာလုပ်ငန်းစဉ်များကိုပါ သေချာလုပ်ဖို့လိုအပ်နေတာတွေကလည်း ရှိနေပါသေးတယ်။ ဒါအတွက် Solvay နဲ့ Veolia တို့လိုလုပ်ငန်းတွေနဲ့ ပူးပေါင်းထားပါတယ်။ ဒီလိုတွေလုပ်ဆောင်ထားတဲ့အတွက် Refactory model ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှုအနေနဲ့ CO₂ Reduction (ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချခြင်း)၊ Resource Conservation (သဘာဝအရင်းအမြစ် ထိန်းသိမ်းနိုင်ခြင်း) နဲ့ Energy Storage (စွမ်းအင်သိုလှောင်မှုစနစ်) တွေကို ကောင်းစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်စေပါတယ်။ လုပ်ငန်းရဲ့ Economic benefits အနေနဲ့လည်း အသစ်ထုတ်လုပ်မှုထက် Refurbishing နဲ့ Retrofitting (ပြန်လည်ပြုပြင်ခြင်းနှင့် ပြောင်းလဲတပ်ဆင်ခြင်း) အကောင်အထည်ဖော်မှုကိုဉီးစားပေးတာကြောင့် ကုန်ကျစရိတ်တွေကိုလည်း သက်သာစေပါတယ်။ နောက်ပြီး Circular model နဲ့အတူ လျှပ်စစ်ယာဉ် (EV) ထုတ်လုပ်မှုမှာ အသစ်သစ်သော အခန်းကဏ္ဍတွေပေါ်လာနိုင်တာကြောင့် အလုပ်ကိုင်အခွင့်လမ်းနဲ့ လူစွမ်းအားအရင်းတွေလည်း ပိုမိုအသုံးပြုဖို့ အခွင့်လမ်းတွေရလာမှာဖြစ်ပါတယ်။ ဒါကြောင့် Renault Group ဟာ Refactory model နဲ့အတူ သူ့ရဲ့လုပ်ငန်းနယ်ပယ်မှာ စံပြခေါင်းဆောင်လုပ်ငန်းတစ်ခုဖြစ်ဖို့လည်း ကြိုးစားနေတယ်ဆိုတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

 

Nora Manthey ရဲ့ Refactory Flins: Renault’s circular economy skills hub မှ ကောက်နှုတ်ရေးသားထားပါတယ်။

U Zin Lwin Thant

Lecturer, Strategy First Int'l College

B.Act, M.Act (MUE)