'' Parrot Learning and Spoon Feeding Culture ''

ကျွန်မက psychology တော့မတတ်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံအရ သိလာရတာတွေကို သုံးသပ်ပြီး လူငယ်တွေကို မှန်ကန်တဲ့နည်းနဲ့ ပြုစုပျိုးထောင်နိုင်ဖို့အတွက် ရေးသားမှာဖြစ်လို့ မိမိနဲ့သဘောထား မတိုက် ဆိုင်ရင်လည်း သည်းခံကြပါလို့ ပဏာမအားဖြင့် တောင်းဆိုလိုက်ပါတယ်။

Parrot-learning ဆိုတာ “လူတစ်ဦးတစ်ယောက်ရဲ့ အပြောအဆို၊ အပြုအမူများကို ထိုသူအား အလေးမထားဘဲ တုပပြီး လုပ်ဆောင်ခြင်း” လို့ အဘိဓာန်မှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင် “ကြက်တူရွေးနှုတ်တိုက်လို သင်ယူလေ့လာရခြင်း” ပုံစံမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ ဆရာ၊ ဆရာမတွေက သူတို့ရဲ့မှတ်စုနဲ့ ‘၏၊သည်’ ကအစ လွဲသွားရင် အမှတ်မပေးတော့ ဘူးလို့ကြားဖူးပါတယ်။ မိမိဘာသာ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိဖို့ဆိုတာတွေက အင်မတန်ရခဲလှတဲ့ အခွင့်အလမ်း ဖြစ်နေပါတယ်။ Spoon feeding ဆိုတာက “ပါးစပ်ထဲအရောက် ခွံ့ကျွေးတဲ့ပုံစံမျိုးနဲ့ ပြုစုပျိုးထောင်ခြင်း” ကို ဆိုလိုပါတယ်။

အိမ်မှာ အမေတွေက Spoon feeding လုပ်၊ ကျောင်းရောက်တော့ ဆရာမတွေက Parrot-learning နဲ့ ကလေးတွေက ကိုယ့်အားကိုယ်ကိုးဖို့ မေ့နေတတ်ကြပါတယ်။ အိမ်မှာဆိုရင် အများစုက သားယောကျ်ား လေးတွေကို အမေတွေက အစစအရာရာ ဂရုတစိုက် လိုက်လုပ်ပေးတတ်ကြပါတယ်။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ အခန်းသန့်ရှင်းရေးလုပ် စတာတွေပေါ့။ မိန်းကလေးဆိုရင်တော့ အဲဒီလိုအလုပ်ကလေးတွေကို နည်းနည်းတော့ လုပ်ခိုင်းတတ်ကြပါတယ်။ အဖေတွေနဲ့ ဆရာတွေက ဒီလိုလုပ်ခဲပါတယ်။ အမျိုးသမီးတွေက မိခင်စိတ်ရှိကြတော့ ချစ်တဲ့စိတ်၊ သနားတဲ့စိတ်နဲ့ ကလေးတွေရဲ့ ကိုယ်စားလုပ်ပေးနေကြတာပါ။

အဲဒီတော့ ဘာဖြစ်လဲဆိုတော့…

ပြင်းပြင်းထန်ထန်ပြောရရင်တော့၊ ကလေးတွေ လူညွန့်တုံးသွားပါတယ်။

Drug တွေသုံးမှ လူညွန့်တုံးတာမဟုတ်ပါဘူး။ ကိုယ့်ကလေးကို ကိုယ်အချစ်လွန်နေတာက သူတို့ကို ဖျက်ဆီး နေသလိုဘဲမို့ သူတို့တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကျသွားစေပြီး ကြာလာရင် လူညွန့်တုံးသွားပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ယောကျာ်းလေး (ကလေး) တွေဟာ တော်တော်အရေးပေး ခံရတတ်ပါတယ်။ မိသားစုထဲမှာ၊ အလုပ်ခွင်မှာ၊ နေရာတော်တော်များများမှာ ယောကျ်ားလေးတွေက မိန်းကလေးတွေထက် အရေးပေး ခံရတတ်ပါတယ်။ အဲဒီလိုအရေးပေးတဲ့အထဲမှာ မိန်းကလေးတွေ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ထက် ယောကျ်ားလေးကို ဦးစားပေးတတ်ကြပါတယ်။ ဒီတော့ ယောကျာ်းလေးတွေက အခွင့်ထူးခံလူတန်းစားတွေလို့ တဖြေးဖြေးနဲ့ ခံယူလာကြသလို၊ အဲ့လိုဖြစ်အောင် ပတ်ဝန်းကျင်ကလည်း ကျေနပ်စွာနဲ့ ပံ့ပိုးပေးကြပါတယ်။ အကျိုးဆက်အနေနဲ့ သူတို့တွေဟာ ဦးစားပေးခံ၊ အရေးပေးခံရတာကို သာယာသွားကြပြီး သိပ်မကြိုးစားကြတော့ပါဘူး။ မိန်းကလေးတွေက ကိုယ့်အားကိုယ်ကိုးနိုင်လွန်းမှ တော်ကာကြမယ်ဆိုတဲ့ အတွေးတွေဝင်လာကြပြီး ယောကျ်ားလေးထက် ပိုကြိုးစားလာကြပါတော့တယ်။ အကျိုးဆက်အနေနဲ့ ရေရှည်ကျတော့ မိန်းကလေးတွေက ပိုပြီး တော်လာကြတာပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ကြည့်ပါ။ ခုပြောနေတာတွေက ယေဘုယျကို ပြောနေတာမို့ အငြင်းပွားစရာ ရှိကောင်းရှိနိုင်ပါတယ်။ ကျမရဲ့ စာသင်လာတဲ့ သက်တမ်းတစ်လျှောက် တွေ့ရတဲ့အချက်တွေကို ကောက်ချက်ချထားတာ ဖြစ်တာမို့ အယူအဆမတူရင်လည်း လက်မခံပါနဲ့။ စိတ်စေတနာကောင်းနဲ့ ပြုပြင်သင့်တာတွေကို အကြံပြုမှာမို့လို့ပါ။

ဒီတော့ လက်ရှိ culture ကို ကျမတို့ ပြောင်းဖို့ လက်ဦးဆရာဖြစ်တဲ့မိဘတွေနဲ့ ကျမတို့လို၊ သင်ကြားရေး ဆရာဆရာမတွေမှာ တာဝန်ရှိပါတယ်။

 

၁။ မိဘတွေအနေနဲ့ သားသမီးတွေကို ယောကျ်ားလေး၊ မိန်းကလေးမခွဲဘဲ၊ သူတို့နဲ့ တော်တန်တဲ့ အလုပ်တွေကို ငယ်ကတည်းက တာဝန်ပေးပြီး လုပ်ပါစေ။ တာဝန်ယူတတ်အောင် ပျိုးထောင်ပေးပါ။ ပြီးတော့ သူတို့ကို ပြောခွင့်ပေးပါ။ သူတို့ကို နားထောင်ပေးပါ၊ အချိန်ပေးပါ။ မေတ္တာပေးပါ။

 

၂။ ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးတွေ (လူငယ်တွေ) ကို Parrot-learning ထက် တွေးတတ်အောင် လေ့ကျင့်ပေးဖို့နဲ့၊ သူတို့ရဲ့အတွေးလေးတွေကို ထုတ်ဖော်ပြောဆိုခွင့်ပေးဖို့၊ အပြုသဘော ဝေဖန်အကြံပြုပေးကြဖို့ လိုပါတယ်။ ကလေးတွေမှာလည်း ကလေးအတွေးတွေရှိပါတယ်။ သူတို့အတွေးတွေကို ထုတ်ဖော်ပြောဆိုခွင့် ပေးလိုက်ရင် ကိုယ်တောင် သူတို့ဆီက ကုန်ကြမ်းတွေ ရနိုင်ပါသေးတယ်။ ပြီးတော့ သူတို့လေးတွေကိုလည်း public speaking အတွက် လေ့ကျင့်ပေးပြီးသား ဖြစ်သွားစေပါတယ်။

 

၃။ မြန်မာပြည်က ကလေးတွေ (လူငယ်တွေ) ဟာ အင်မတန် creative thinking ကောင်းကြပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေဟာ အင်မတန် ထက်မြက်ကြပါတယ်။ ဒါပေမဲ့ ဒါတွေကို သူများကို troll ဖို့လောက်ပဲ သုံးသလို ဖြစ်နေပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ လေ့ကျင့်သင်ကြားပေးလိုက်ရင် သူတို့ကို critical thinking လမ်းကြောင်းပေါ် တင်ပေးလိုက်နိုင်ရင် အင်မတန် အကျိုးရှိပါလိမ့်မယ်။

 

၄။ ပြီးတော့ ဒီခေတ်ကလေးတွေက ဉာဏ်ကောင်းပေမယ့် ဝီရိယတော့ နည်းတတ်ကြပါတယ်။ သူတို့တွေ ဝီရိယရှိပြီး ဝါယမစိုက်ထုတ်လာအောင် extrinsic and intrinsic incentives လေးတွေနဲ့ motivate လုပ်ပေးစေချင်ပါတယ်။ တော်ရင် ချီးကျူးစကားတွေပြောပေးဖို့လည်း မမေ့ပါနဲ့။ အပြစ်လုပ်မိရင်တော့ ပြန်လည်သုံးသပ်ခိုင်းပြီး ပြုပြင်ခွင့်ပေးပါ။ စိတ်ရှည်လက်ရှည်ထားပြီး လုပ်ပါ။

၅။ ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးတွေ၊ လူငယ်တွေကို သင်ကြားပေးရာမှာ ခေတ်ကို မျက်ခြေမပြတ်ဘဲ၊ သူတို့လေးတွေရဲ့ စိတ်သဘောထားနဲ့ ခံယူချက်တွေကိုသိအောင် သူတို့နဲ့ စိတ်ချင်းနီးစပ်နေအောင် ကြိုးစားရင်းနဲ့ သူတို့လေးတွေဆီက လေ့လာစရာတွေကို လေ့လာရင်း၊ ဆိုဆုံးမရင်းနဲ့ မိမိရဲ့အရည်အချင်းတွေကို စဉ်ဆက်မပြတ် တိုးတက်နေအောင် ကြိုးစားကြရင်းနဲ့ ဆရာလို့ လိပ်ပြာသန့်စွာ အခေါ်ခံနိုင်အောင် ကြိုးစားကြပါစို့လို့ စိတ်စေတနာကောင်းဖြင့် တိုက်တွန်းလိုက်ရပါတယ်။

photo - internet

Aye Aye Win