'' ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုကို ဖြစ်စေတဲ့ စီမံခန့်ခွဲမှုအလေ့အကျင့်ဆိုးများ ''

ကုမ္ပဏီတစ်ခုရဲ့ အခိုင်မာဆုံးသောကျောရိုးမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနည်းစနစ်များ ပိုင်ဆိုင်ထားခြင်းပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ကုမ္ပဏီတစ်ခု ဆိုသည်မှာ အမြတ်အစွန်း များများရရှိခြင်း၊ စီးပွားရေး နယ်ပယ်မှာ ကြီးမားတဲ့ ပြယုဂ်တစ်ခုအဖြစ် ရပ်တည်နိုင်ခြင်း တို့နဲ့ မလုံလောက်ပါဘူး။ လုပ်ငန်းအတွက်ကောင်းမွန်တဲ့ ရလဒ်အသီးသီးကို ဖော်ဆောင် ပေးမယ့် ဝန်ထမ်းများရဲ့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်သဘောထား ခံယူချက်ဟာလည်း အောင်မြင်မှုအတွက် အထိုက်အလျောက်အရေးပါပါတယ်။ ယနေ့ခေတ်ကဲ့သို့ အလုပ် အကိုင်ရှာဖွေခြင်းတွေ များပြားလာတဲ့အချိန်မှာ လူငယ်များဟာ မိမိတို့အတွက်တိုးတက်နိုင် မှု၊ ကောင်းမွန်တဲ့ အတွေ့အကြုံကိုပေးနိုင်တဲ့ လုပ်ငန်းခွင်များမှာ အလုပ်အကိုင်ရရှိရန် လိုလားလာကြပါတယ်။

London Business School ရှိ TEDx ပွဲများတွင် Professor Freek Vermeulen က ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်တွေကို ဗိုင်းရပ်စ်များအဖြစ် သတ်မှတ်ကာ “Corporate Viruses” လို့ အမည်ပေးသတ်မှတ်ခဲ့ပါတယ်။ ထိရောက်မှုနည်းပါးတဲ့ လုပ်ငန်းစီမံခန့်ခွဲခြင်းများနဲ့ မူဝါဒ တချို့ကို ဖယ်ရှားရာမှာ စီးပွားရေးဈေးကွက်အင်အားစုများဟာ အောင်မြင်မှုမရသေးဘူးလို့ Vermeulen က ရှင်းပြခဲ့ပါတယ်။ အဖွဲ့အစည်းတစ်ခုစီမံခန့်ခွဲမှုညံ့ဖျင်းခြင်း အကျိုးဆက် တွေဟာ ကုမ္ပဏီရဲ့ဂုဏ်သတင်းကို မှေးမှိန်စေသလို လုပ်ငန်းတစ်ခုလုံးအတွက်လည်း ဆိုးကျိုးများသာ ဖြစ်စေပါတယ်။ အဖွဲ့အစည်းတွေမှာ တွေ့ရလေ့ရှိတဲ့ ဆိုး၀ါးတဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်များမှာ

" အသေးစိတ်စီမံခန့်ခွဲခြင်း "မလိုအပ်ဘဲ အသေးစိတ်စီမံခန့်ခွဲခြင်းလို့ ပြောရင်ပိုပြီး မှန်ကန်ပါ လိမ့်မယ်။ ပြောရရင်တော့ ဝန်ထမ်းရဲ့လုပ်ဆောင်မှုနဲ့ လှုပ်ရှားမှု အသေးအဖွဲလေးမှအစ ထိန်းချုပ်နေတာမျိုးတွေ ဖြစ်ပါတယ်။ အရေးမကြီးလှတဲ့ လှုပ်ရှားမှုတိုင်းကို စီမံခန့်ခွဲနေ တာကြောင့် ဝန်ထမ်းများက ၎င်းတို့မှာ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်နဲ့ အရည်အချင်းတွေကို ပြသနိုင်ခြင်းမရှိတာကြောင့် စိတ်ဓာတ်ကျခြင်းကို ဦးတည်သွားပါတယ်။ ထိုနည်းတူပဲ ထိုမန်နေဂျာတွေဟာလည်း အသေးအဖွဲကိစ္စလေးများအား အာရုံစိုက်ရင်း တခြားအရေးကြီး တဲ့အရာတွေကို အာရုံစိုက်နိုင်မှုလျော့နည်းကာ မမှားသင့်တာတွေကို မှားယွင်းလာတတ် ပါတယ်။

" စံနမူနာမဖြစ်ခြင်း " မန်နေဂျာကောင်းတစ်ဦးက မိမိအဖွဲ့ဝင်တွေကို ကြီးကြပ်ပေးနိုင်ရုံတင် မလုံလောက်ဘဲ လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့အတွက်လည်း တာဝန်ရှိပါတယ်။ အဖွဲ့သား များက မိမိတို့မန်နေဂျာရဲ့ ညံ့ဖျင်းတဲ့ လုပ်ဆောင်မှုတွေကို ပြန်လည်သိရှိရခြင်း၊ နောက်ဆုံး အနေနဲ့ မန်နေဂျာမှာ လုပ်ကိုင်နေတဲ့ Project မှ နှုတ်ထွက်သွားခြင်းတို့ကြောင့် အလုပ်ကို ထိရောက်စွာလုပ်ကိုင်ဖို့ စိတ်အားထက်သန်မှုများ လျော့ကျသွားစေမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ လုပ်ငန်းတစ်ခု အကောင်အထည်ဖော်နိုင်စေဖို့အတွက် ၎င်းတို့မှာလည်း တာဝန်အပြည့်အဝရှိတာကို နားလည်ထားရပါမယ်။ သူတို့ကို တာဝန်ယူထားတဲ့ မန်နေဂျာ ကလည်း မိမိကိုစံနမူနာအဖြစ် ယူထိုက်လောက်အောင် ကောင်းမွန်တဲ့အရည်အချင်းနဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသင့်ပါတယ်။

" အချိတ်အဆက်အားနည်းခြင်း " ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်းက လုပ်ငန်းတိုင်း အတွက်အရေးကြီးဆုံး သော့ချက်တစ်ခုဖြစ်ပါတယ်။ ကျွမ်းကျင်စွာဆက်သွယ်ပြောဆိုနိုင်ပြီး နားလည်မှုရှိတဲ့ မန်နေဂျာဟာ အဖွဲ့ဝင်များရဲ့ ရည်မှန်းချက်နဲ့ ပန်းတိုင်များဆီသို့ အထိရောက် ဆုံး နည်းလမ်းတို့ဖြင့် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက်တွေ ပုံပေါ်လာ စေဖို့အတွက် စိတ်ဓာတ်ခွန်အားများကို ပေးနိုင်သူတစ်ဦးလည်း ဖြစ်ရပါမယ်။ မန်နေဂျာ များရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ ဆက်သွယ်ပြောဆိုနိုင်မှုတို့က ဝန်ထမ်းများအတွက် စိုးရိမ်မှုနဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပါဘူး။

" ဦးတည်ချက် ရေရေရာရာမရှိခြင်း " နောက်ထပ်ဆိုးဝါးတဲ့ စီမံခန့်ခွဲမှု အလေ့အကျင့်တစ်ခု က အာရုံသေချာမစိုက်နိုင်တဲ့ မန်နေဂျာရဲ့ ဦးတည်ချက် ရေရေရာရာမရှိတဲ့ လုပ်ဆောင်မှုတွေ ပဲ ဖြစ်ပါတယ်။ ထိုသူတွေဟာ လုပ်ငန်းအောင်မြင်မှုအတွက် အရေးပါတဲ့သူများဖြစ်စေကာမူ ပန်းတိုင်နဲ့ ရည်မှန်းချက် ရေရာစွာမရှိဘဲ နေ့ရက်တွေကို ဦးတည်ချက်မဲ့စွာ ဖြတ်သန်းနေကြ ပါတယ်။ ရလဒ်အနေနဲ့ ထိုသို့သော အခြေအနေများ အောက်မှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ ကုမ္ပဏီသို့ဝင်ရောက်ခဲ့ကြတဲ့ ရည်ရွယ်ချက်များ ပျောက်ဆုံးကာ ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်သလို ခံစားလာကြရပါတယ်။

" မလိုအပ်ဘဲ ဖိအားများခြင်း" ဝန်ထမ်းများဟာ ကြောက်ရွံမှုနဲ့ မန်နေဂျာများထံမှ မလိုလား အပ်တဲ့ ဖိအားများအောက်မှာ အလုပ်လုပ်ရတဲ့အခါ ထိုသူတွေဟာ ၎င်းတို့ရဲ့ အလုပ်နဲ့ ပက်သက်တဲ့ အထက်လူကြီးများနဲ့ ဆက်သွယ်မှုမျိုးကို တတ်နိုင်သမျှရှောင်ရှားလေ့ ရှိကြပါတယ်။ ဒါဟာ တိုးတက်မှုကြန့်ကြာစေတဲ့ ကြီးမားတဲ့ပြသနာဖြစ်ပြီး စွမ်းဆောင်ရည် ကျဆင်းမှုနဲ့ လုပ်ဆောင်နိုင်မှု လျော့ကျလာခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။

"ကိုယ်ချင်းစာမှုနည်းခြင်း" ကိုယ်ချင်းစာ ခံစားပေးနိုင်မှု နည်းပါးတဲ့မန်နေဂျာများမှာ  ဝန်ထမ်းရဲ့ အပြင်အရေးကိစ္စများနဲ့ အားလပ်ချိန်များကို အာရုံမစိုက်တတ်ကြပါဘူး။ ၎င်းမှာ လုပ်ငန်းများစွာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အများဆုံးသော စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အလေ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အလွန်အကျွံများတဲ့ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီမျှစေဖို့ ရုန်းကန်နေကြရပါတယ်။ ဝန်ထမ်းတွေဟာ တည်ငြိမ်အေးဆေးတဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်မှာ ပိုမိုထိရောက်စွာ အလုပ်လုပ် နိုင်ကြပါတယ်။ ထို့အတူ ၎င်းတို့အပေါ် ကိုယ်ချင်းစာစိတ်ထားကာ လူသားဆန်တဲ့အပြုအမူ များနဲ့ ကျေးဇူးတရားများကြောင့် ထိရောက်တဲ့ ရလဒ်များပြန်ပေးနိုင်ဖို့ ကြိုးစားအားထုတ် ပေးကြပါတယ်။

" မပြတ်သားခြင်း " ဆုံးဖြတ်ချက်မပြတ်သားခြင်းဟာလည်း ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု အလေ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ ရည်မှန်းချက်နဲ့ ပန်းတိုင်အသီးသီးသို့ အဖွဲ့လိုက်ဦးတည်သွား ကြတဲ့အခါ မြန်ဆန်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်ပေးနိုင်မှုမှာ အရေးအကြီးဆုံးဖြစ်ပါတယ်။ တကယ်လို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေခြင်း၊ အခြေအနေတစ်ခုခုပြောင်းလဲသွားတဲ့အခါ စိတ်ပြောင်းလဲလွယ်ခြင်း၊ ဆုံးဖြတ်ချက်များအား ထပ်ခါထပ်ခါ အပြောင်းအလဲများ လုပ်ခြင်းများက ဝန်ထမ်းတွေကို စက်ဝိုင်းတစ်ခုထဲမှာ လည်ပတ်ကာ အလုပ်လုပ်နေသလိုမျိုး အလုပ်တစ်ခုကို အစကနေ မပြီးဆုံးနိုင်အောင် ထပ်ခါထပ်ခါပြန်လုပ်ကြရပါတယ်။

" အသေးအမွှားကိစ္စတိုင်းကို လျစ်လျူရှုမိခြင်း " အခွင့်အရေးများနဲ့ လွဲချော်တတ်ခြင်းရဲ့ အကြီးမားဆုံးလုပ်ရပ်မှာ မိမိတာဝန်များကို မြန်မြန်ပြီးမြောက်စေဖို့ ရည်ရွယ်ချက်ဖြင့်သာ လျင်မြန်စွာ ဖြေရှင်းခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အရေးကြီးတဲ့ အချက်အလက် များအား အသေးအမွှားလို့ မှတ်ယူမိကာ ထည့်သွင်းစဥ်းစားဖို့ ကျန်နေခဲ့တတ်ပါတယ်။ ၎င်းပြဿနာမှာ အချိန်ကို ကောင်းမွန်စွာမစီမံနိုင်ခြင်းကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။

"အရာရာအဆိုးမြင်ခြင်း" ကောင်းစေလိုတဲ့စိတ်နဲ့ ဝေဖန်ခြင်းများကို လက်ခံလို့ရပေမယ့် လည်း ရည်ရွယ်ချက် ရှိရှိနဲ့ နှိမ့်ချခြင်းက ကောင်းတဲ့ လက္ခဏာရပ်တစ်ခု မဟုတ်ပါဘူး။ Project တစ်ခုအောင်မြင်ဖို့ အတူလက်တွဲ လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းများအပေါ် အဆိုးမြင်စိတ်များရှိနေရင် ယိုယွင်းတဲ့အသင်းအဖွဲ့စိတ်ဓာတ်ကြောင့် ကုမ္ပဏီရဲ့ ရည်မှန်းချက် လည်း မှေးမှိန်သွားပါလိမ့်မယ်။

"ထိရောက်မှုမရှိတဲ့ အစည်းအဝေးများ" အစည်းအဝေးများလုပ်ခြင်း ဆွေးနွေးခြင်းတို့က Project တစ်ခု အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ပေးမယ့် လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ အစည်းအဝေးလုပ်ရခြင်း ရည်ရွယ်ချက်ပျောက်ဆုံးကာ အကျိုးမရှိ မသက်ဆိုင်ဟု ယူဆသူများပြားလာရင် အစည်းအဝေးရဲ့ အနှစ်သာရလည်း ပျောက်ဆုံးသွား မှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ စိတ်ဝင်စားမှု နည်းပါးလာခြင်းသို့ ဦးတည်သွားတော့မှာပဲ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် ဝန်ထမ်းများအတွက် ဦးဆောင်သူတို့မှ မှန်ကန်အသုံးဝင်တဲ့ စီမံခန့်ခွဲခြင်းနည်းလမ်းများကို ချမှတ်ပေးထားပါက ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

“springworksBlog” မှ “Bad Management Practices that Causes Employee Inefficiency” ဆောင်းပါးအား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University