သင့်အနာဂတ်အတွက် အစီအစဉ်ဘယ်လိုရေးဆွဲမလဲ? ဒါက ဘာကြောင့်အရေးကြီးတာလဲ ?

ငယ်ရွယ်သူ တစ်ယောက်အနေနဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ အနာဂတ်အတွက် အစီအစဉ်ဆွဲထားခြင်းက သင့်ကို ပရော်ဖက်ရှင်နယ်ပီသစွာ ရှင်သန်နိုင်စေပြီး သင်ဂုဏ်ယူပျော်ရွှင်တဲ့ ဘဝတစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် သင်စဥ်းစားနေပါက ဒါကိုပြုလုပ်ဖို့ မတူညီတဲ့နည်းလမ်းများနဲ့ အခုစတင်ဖို့ ဘာလို့အရေးကြီးကြောင်း သင်သိချင်နေပါလိမ့်မယ်။ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့က အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ ဘာကြောင့် အရေးကြီးကြောင်းကိုရှင်းပြပြီး ဒါကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို အဆင့် (၇)ဆင့်နဲ့ ပြန်လည် သုံးသပ်ပါမယ်။

အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ ဘာလို့အရေးကြီးတာလဲ ?
အကြောင်းရင်းအမျိုးမျိုးကြောင့် အနာဂတ်အတွက် အစီအစဉ်ဆွဲဖို့ အရေးကြီးပါတယ်။
အနာဂတ်အတွက် အစီအစဉ်တစ်ခုဖန်တီးခြင်းက အနာဂတ်မှာ သင်ကြုံတွေ့ရနိုင်တဲ့ ပြဿနာများကို စီမံခန့်ခွဲဖို့ ကူညီပေးနိုင်ပါတယ်။
အနာဂတ်အတွက် စီစဉ်ခြင်းက သင့်ရဲ့ရည်ရွယ်ချက် ပန်းတိုင်များကို ရောက်ရှိဖို့ ကူညီပေး နိုင်ပါတယ်။
သင့်မှာ အနာဂတ်အတွက် ချမှတ်ထားတဲ့ အစီအစဉ်တစ်ခုရှိတာကို သိရှိခြင်းက သင့်ရည်မှန်းချက်များဆီသို့  ဆက်လက်ကြိုးစားလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။
အနာဂတ်အတွက် အကျိုးရှိစေမယ့် အစီအစဥ်တစ်ခုရှိခြင်းက သင့်ဘဝအပေါ် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး သင့်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

သင့်အနာဂတ်အတွက် ဘယ်လိုစီစဉ်မလဲ?။
သင့်လက်ရှိဘဝကို တိုက်ရိုက်နဲ့ ချက်ချင်းအကျိုးသက်ရောက်စေတဲ့ သေးငယ်ပြီး အလွယ် တကူရနိုင်တဲ့ ပန်းတိုင်များကို သတ်မှတ်ခြင်းက အနာဂတ်အတွက် သင်စီစဉ်နိုင်ပြီး ပိုကြီးတဲ့ ပန်းတိုင်များကို ပြီးမြောက်သည်အထိ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ ပြီးမြောက်ဖို့ နှစ်နဲ့ချီ အချိန်ယူရနိုင်တဲ့၊ ပိုကြီးတဲ့ ပန်းတိုင်တွေကို သင်ချမှတ်နိုင်ပြီး အဲ့ဒီပန်းတိုင်ဆီကို ရောက်ရှိဖို့ နေ့စဥ် နည်းနည်းချင်းစီ တက်ကြွစွာ လုပ်ဆောင်နိုင်ပါတယ်။ ဒီဆောင်းပါးမှာ အနာဂတ်အတွက် ဘယ်လိုစီစဉ်ရမယ်ဆိုတာကို အဆင့်ဆင့်လမ်းညွှန်ထားပါတယ်။
၁။ သင့်ရဲ့ အဖြစ်ချင်ဆုံးသော ပန်းတိုင်ကိုစဉ်းစားပါ။
သင့်ရဲ့ အဖြစ်ချင်ဆုံးသော ဘဝပန်းတိုင်များကို ချမှတ်ပြီးတာနဲ့ အဲဒါတွေကို ရောက်ရှိဖို့ သေးငယ်တဲ့အဆင့်များကို သင်ဆုံးဖြတ်နိုင်ပါတယ်။ ဥပမာ သင်က အိမ်တစ်လုံးပိုင်ဆိုင်လိုပါက၊ အိမ်တစ်လုံး ဝယ်နိုင်‌တဲ့ ငွေပမာဏရရှိဖို့ သင်ရရှိတဲ့ လစာတစ်လချင်းဆီမှ ငွေစုခြင်းတို့လို သေးငယ်တဲ့ ပန်းတိုင်များကို သင်ပြုလုပ်နိုင်ပါတယ်။
၂။ ရေတိုနဲ့ ရေရှည်ပန်းတိုင်များ ချမှတ်ပါ။
ရေတိုနဲ့ ရေရှည် ရည်မှန်းချက်များထားရှိခြင်းက သင့်အနာဂတ်ဖြစ်လိုတဲ့ ပန်းတိုင်အတွက် အစီအစဉ်ဆွဲဖို့ ကူညီပေးနိုင်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ရေတို၊ရေရှည်ပန်းတိုင်များကို သတ်မှတ်ခြင်းက သင့်အစီအစဉ်တွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ ကူညီပေးနိုင်ပြီး ဒါက သင့်ပန်းတိုင်များကို ရောက်ဖို့ လမ်းကြောင်းပေါ်မှာရှိနေကြောင်း သေချာစေနိုင်ပါတယ်။
၃။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းပန်းတိုင်များကို ပြန်လည်သုံးသပ်ပါ။
သင့်ရဲ့ အသက်မွေးဝမ်းကြောင်းပန်းတိုင်များဟာ သင့်ဘဝနဲ့ အနာဂတ်အတွက် ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေနိုင်တာကြောင့် ဒါတွေကို ပြန်လည်သုံးသပ်ခြင်းက သင့်အနာဂတ် အတွက် လုံလောက်စွာ ပြင်ဆင်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ သင်လုပ်ဆောင်လိုတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ဆုံးဖြတ်ခြင်း၊ အဲ့ဒီပန်းတိုင်ကို ရောက်ရှိဖို့ သင်ဘယ်လို စီစဉ်ထားကြောင်း၊ အသက်မွေးဝမ်းကျောင်းမှာ ဆက်လက်နေထိုင်ဖို့ ဘယ်လောက်ကြာကြာ စီစဉ်ထားတာကို ဆုံးဖြတ်ခြင်းက သင့်အစီအစဉ်များကို လမ်းညွှန်ရာမှာ  အထောက်အကူ ဖြစ်စေပါတယ်။ တချို့သောသူများဟာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ မိမိလုပ်ဆောင်လိုတဲ့ အသက်မွေးဝမ်းကျောင်းပန်းတိုင် တူညီမှုမရှိတာကို တွေ့ရပါတယ်။
၄။ သင့်ရဲ့အချိန်ကန့်သတ်ချက်ကို ထည့်သွင်းစဉ်းစားပါ။
သင်အောင်မြင်လိုတဲံ့ ပန်းတိုင်များအတွက် အချိန်ကန့်သတ်ချက်များကို သတ်မှတ်ခြင်းက သင့်အနာဂတ်ကို စီစဉ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
၅။ ဘတ်ဂျက်တစ်ခုဖန်တီးပါ။
သင်လိုချင်တဲ့အရာကို သိတာနဲ့ အဲ့ဒါကို ရရှိစေနိုင်တဲ့ ဘတ်ဂျက်တစ်ခု ဖန်တီးပါ။ ဥပမာ သင်က တစ်ဆင့်မြင့်တဲ့ ပညာရေးအတွက် ကျောင်းဆက်တက်ဖို့ စီစဉ်ပြီး ကျောင်းစရိတ်ပေးဆောင်လိုပါက သင့်ရဲ့ လစဥ်ဝင်ငွေတစ်ခုရရှိတိုင်း အဲ့ဒါအတွက် ရန်ပုံငွေများထားဖို့ ငွေစုမယ့် ဘတ်ဂျက်ကို ဖန်တီးနိုင်ပါတယ်။
၆။ သင့်ရဲ့ပန်းတိုင်များနဲ့ အစီအစဉ်များကို ချရေးပါ။
အနာဂတ်အတွက် သင့်အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း ချရေးခြင်းက သင့်စိတ်ကို ခိုင်မာစေနိုင်ပါတယ်။ အနာဂတ်မှာ တချို့ပန်းတိုင်များကို ရောက်ဖို့မျှော်လင့်ထားတဲ့ ရက်စွဲများနဲ့ အချိန်အားလုံးကို မှတ်သားထားဖို့ အရေးကြီးပြီး သင့်အစီအစဉ်ကို အသေးစိတ်ဖော်ပြခြင်းက ပန်းတိုင်များကို ‌‌ရောက်ရှိအောင် ဆောင်ရွက်ဖို့ အမြဲသတိပေးနေနိုင်ပါတယ်။
၇။ သင့်ရဲ့ပန်းတိုင်ဆီကို တက်ကြွစွာလုပ်ဆောင်ပါ။
တက်ကြွစွာလုပ်ဆောင်ခြင်းက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ ဥပမာ သင် ဥယျာဉ်မှူးဖြစ်ဖို့ စိတ်ပါဝင်စားပါက သင်ဟာ အငြိမ်းစားယူတဲ့အချိန်မှာ ဒီဝါသနာကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်နိုင်စေဖို့ သင်တန်းများကို စတင်သင်ယူပြီး အခုပင် သုတေသနတစ်ခု ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင်က အနာဂတ်အတွက် အစီစဥ်ရေးဆွဲဖို့ စဥ်းစားနေပါက အထက်ပါ အချက်တွေကို ထည့်သွင်းစဥ်းစားဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးကို https://www.indeed.com/career-advice/career-development/how-to-plan-for-future မှ How to plan for your future (Why it is important) ခေါင်းစဥ်ကို ဒေါ်နှင်းနုအောင် မှ ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)