အောင်မြင်တဲ့အင်ဂျင်နီယာတစ်ယောက်ဖြစ်လာစေဖို့ အကြံပြုချက် (၇) ချက်

အင်ဂျင်နီယာနယ်ပယ်မှာ အသက်မွေးဝမ်းကြောင်းတစ်ခုစတင်ဖို့အတွက် စိန်ခေါ်မှုတွေရှိပေမယ့် အဲ့ဒီနယ်ပယ်မှရရှိလာမယ့် အသီးအပွင့်တွေကတော့ ကြီးမားလှပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွမ်းကျင်အင်ဂျင်နီယာများရဲ့ လိုအပ်ချက်က ယခင်ကထက် ပိုမိုမြင့်မားလာခဲ့ပါတယ်။ တကယ်လို့ သင်က စိတ်ဝင်စားဖို့ကောင်းတဲ့ စက်မှုလုပ်ငန်းမှာ အသက်မွေးဝမ်းကြောင်းပြုဖို့ စဉ်းစားနေတယ်ဆိုရင် ယခုဖော်ပြမယ့် အောင်မြင်တဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်လာဖို့ ကူညီပေးနိုင်တဲ့ အကြံပြုချက် (၇) ချက်ကို ရှိထားဖို့ လိုအပ်ပါတယ်။

၁။ သင့်ရဲ့ ပန်းတိုင်တွေကို ဖော်ထုတ်ပါ။

အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ရင်တော့ သင့်ရဲ့ပန်းတိုင်နဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်ချက် အစီအစဉ်တွေကို ခွဲခြားသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ယခုမှ ၅ နှစ် ၁၀ နှစ်အထိ သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ သင်ဟာ ဘယ်ပန်းတိုင်ကို လိုချင်သလဲ၊ အဲဒါတွေကို အောင်မြင်အောင် ဘယ်လိုစီစဉ်မလဲ။ စစ်မှန်တဲ့အောင်မြင်မှုရရှိဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စိန်ခေါ်မှုနေ့ရက်တွေမှာ ရှင်းလင်းတိကျတဲ့ပန်းတိုင်တွေ ရှိနေခြင်းက အခက်အခဲတွေကို ကျော်ဖြတ်တွန်းလှန်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ရည်မှန်းချက်တွေ ပြည့်မီကြောင်း သေချာစေဖို့ အောင်မြင်မှုအတိုင်းအတာများ ချမှတ်ရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ သင့်ရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့ ပရော်ဖက်ရှင်နယ်ပန်းတိုင်တွေ အောင်မြင်ဖို့ သင်လုပ်ဆောင်ရမယ့် နယ်ပယ်တွေကို တိုင်းတာရာမှာလည်း ကူညီပေးနိုင်ပါတယ်။

၂။ သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။

သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ဘယ်နေရာပဲရောက်နေနေ၊ သင့်ရဲ့ပရော်ဖက်ရှင်နယ် ပန်းတိုင်တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံဖို့ ဘယ်တော့မှ မရပ်တန့်သင့်ပါဘူး။ အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့ စက်မှုလုပ်ငန်းမှာ ကြီးပွားတိုးတက်လိုပါက နောက်ဆုံးပေါ်ဆန်းသစ်တီထွင်မှုများ၊ ခေတ်ရေစီးကြောင်းများနဲ့အညီ အင်ဂျင်နီယာဆိုင်ရာ အခွင့်အလမ်းများအကြောင်းကို တက်ကြွစွာ သင်ယူလေ့လာဖို့ အရေးကြီးပါတယ်။ သင့်မှာရှိပြီးသားအရာတွေကို တိုးတက်ကောင်းမွန်အောင်လုပ်ပြီး အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုအသစ်တွေကိုလည်း သင်ယူလေ့လာပါ။ ဒါ့အပြင် သင့်မှာ မာစတာဘွဲ့နဲ့ သင့်လျော်တဲ့ အောင်လက်မှတ်များ ရှိနေခြင်းကလည်း သင့်လုပ်ဖော်ကိုင်ဖက်တွေထက် ပြိုင်ဆိုင်မှု အသာစီးရဖို့ ကူညီပေးနိုင်ပါတယ်။

၃။ Comfort Zone ထဲက ထွက်လိုက်ပါ။

အောင်မြင်တဲ့ အင်ဂျင်နီယာတွေက Comfort Zone အတွင်း အလုပ်လုပ်ခြင်းက နေရာတစ်ခုကိုမှ မရောက်ရှိနိုင်၊ မရနိုင်တာကို သိကြပါတယ်။ အင်ဂျင်နီယာနယ်ပယ်က မတူကွဲပြားတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်တာမို့ သင်ရွေးချယ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်စရာများစွာကို ပေးဆောင်နိုင်ပါတယ်။ မတူညီတဲ့ကဏ္ဍတွေကို စူးစမ်းလေ့လာပြီး သင့်ပန်းတိုင်များနဲ့ကျွမ်းကျင်မှု ကိုက်ညီမယ့် အထူးအခွင့်အရေးတစ်ခုကို ရွေးချယ်ပါ။ ဥပမာ သင်က Sustainability နဲ့ သဘာဝပတ်ဝန်းကျင်ကို စိတ်အားထက်သန်ပါက Energy Texas လိုမျိုး Green Energy ကို တန်ဖိုးထားတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ဖို့အတွက် စဉ်းစားသင့်ပါတယ်။ သင်အားအကောင်းဆုံးလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထူးအခွင့်အရေးကို လိုက်စားခြင်းမှာ သင့်ရဲ့တန်ဖိုး၊ ပုဂ္ဂိုလ်ရေးအရနဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ခံစားချက်ကို တိုးမြင့်စေနိုင်ပါတယ်။

၄။ လုပ်ငန်းဆိုင်ရာ အကြံပေးတစ်ဦးကို ရှာဖွေပါ။

ကျွမ်းကျင်အောင်မြင်သူများနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကို ပြုစုပျိုးထောင်ခြင်းမှာ သင့်အောင်မြင်မှုဆီကို သွားရာခရီးလမ်းအတွက် ကူညီပေးနိုင်ပါတယ်။ သင်လေးစားယုံကြည်ရတဲ့ သင့်အဖွဲ့အစည်းအတွင်းရော အပြင်မှာပါ လူတစ်ဦးချင်းစီကို ခွဲခြားသတ်မှတ်ပါ။ အဲဒီလူတွေဟာ တိုက်ရိုက်အသိအကျွမ်းများ ဒါမှမဟုတ် သင်နဲ့ နီးကပ်စွာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ဖို့ မလိုအပ်ပါဘူး။ အဲဒီလူတွေနဲ့ စစ်မှန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး သူတို့ အောင်မြင်လာပုံ၊ သူတို့ တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ သူတို့ရဲ့ အတိတ်က မှားယွင်းမှုတချို့ကနေ ရရှိလာတဲ့ သင်ယူမှုတွေကို ရှာဖွေကြည့်ပါ။

၅။ ရေရှည်ဆက်ဆံရေးကို တည်ဆောက်ပါ။

ကျွမ်းကျင်သူများက လူတစ်ဦးရဲ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ရာမှာ ကွန်ရက်ချိတ်ဆက်ခြင်းရဲ့ အရေးပါမှုကို ထပ်ခါတလဲလဲ အလေးပေးခဲ့ကြပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်များ၊ ကြီးကြပ်ရေးမှူးများ၊ လုပ်ငန်းခေါင်းဆောင်များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ အချိန်ယူသင့်ပါတယ်။ကွန်ရက်ချိတ်ဆက်ခြင်းဟာ တခြားသူတွေနဲ့ အသေးစိတ်အချက်အလက်တွေကို ဖလှယ်ခြင်းထက် သာလွန်ပါတယ်။ ဒါက သင့်လုပ်ငန်းအတွင်းနဲ့ ပြင်ပရှိ သက်ဆိုင်ရာအဆက်အသွယ်များ၊ ပရော်ဖက်ရှင်နယ်များနဲ့ ဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ပေးတဲ့အချိန်ကို ရင်းနှီးမြုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ ခိုင်မာတဲ့ ကွန်ရက်တစ်ခု တည်ဆောက်ခြင်းက သင့်အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်စေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပေမယ့် ရှေ့ကိုရောက်လာဖို့ သင့်ရဲ့ချိတ်ဆက်မှုတွေအပေါ်မှာ လုံးလုံးလျားလျား အားမကိုးသင့်ပါဘူး။ တခြားသူရဲ့ သြဇာလွှမ်းမိုးမှုကို မှီခိုနေမယ့်အစား တခြားသူများက သင်နဲ့ ပေါင်းသင်းလိုတဲ့စိတ်ရှိစေဖို့ သင့်ကိုယ်သင် တိုးတက်အောင် အာရုံစိုက်ဖို့ လိုပါတယ်။

၆။ သင့်ရဲ့ Soft Skill အရည်အချင်းတွေကို အသုံးချပါ။

အင်ဂျင်နီယာတချို့က အလွန်ကောင်းမွန်တဲ့ Soft Skill ရှိခြင်းရဲ့တန်ဖိုးကို လျစ်လျူရှုထားတတ်ကြပါတယ်။ အင်ဂျင်နီယာဆိုတာက မရှိမဖြစ်လိုအပ်တဲ့ နည်းပညာနယ်ပယ်တစ်ခု ဖြစ်ပေမယ့် သင့်ရဲ့ Soft Skill စွမ်းရည်ကို မြှင့်တင်ဖို့ အရေးကြီးပါတယ်။ အလုပ်ရှင်တွေက သင့်ကို ဘယ်လောက် တတ်မြောက်ကျွမ်းကျင်တယ်ဆိုတာကို ကြည့်ရုံသာမက တခြားသူများနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းကိုလည်း ကြည့်ရှုကြတယ်ဆိုတာ မှတ်သားထားစေလိုပါတယ်။ သင်အာရုံစိုက်သင့်တဲ့ ကျွမ်းကျင်မှုတချို့မှာ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်၊ ဆက်သွယ်မှု၊ အချိန်စီမံခန့်ခွဲမှု၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှု၊ ပဋိပက္ခဖြေရှင်းမှုနဲ့ ယုံကြည်စိတ်ချရမှုတို့ ပါဝင်ပါတယ်။

၇။ ကျန်းမာတဲ့ အလုပ်-ဘဝ ဟန်ချက်ညီအောင် ထိန်းသိမ်းပါ။

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အလုပ်လုပ်တာက တစ်ခါတစ်ရံမှာ စိတ်ဖိစီးမှုတွေ များနိုင်ပါတယ်။ သင်အတွေ့အကြုံမရှိတဲ့ အလုပ်ဖြစ်ရင်တောင် သင့်လုပ်ဖော်ကိုင်ဖက်များထက် ခြေတစ်လှမ်းသာဖို့ အဆုံးမဲ့တဲ့အလုပ်တွေနဲ့ သင့်ကိုယ်သင်မြှုပ်နှံထားဖို့ တိုက်တွန်းနေမှုကို တွန်းလှန်ပစ်ပါ။ သင်ဟာ များပြားရှုပ်ထွေးတဲ့ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ်ဘဝကြား ကျန်းမာမျှတအောင် ဘယ်လိုထိန်းကျောင်းရမလဲဆိုတာကို လေ့လာထားဖို့ လိုပါတယ်။ တတ်နိုင်သမျှ မကြာခဏ အနားယူဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်ဖြုန်းပြီး ကိုယ်ဝါသနာပါရာတွေနဲ့ ထိတွေ့ ဖို့လည်း လိုအပ်ပါတယ်။ ရာထူးတိုးဖို့ ဒါမှမဟုတ် Deadline တစ်ခုကြောင့် သင့်စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဘယ်တော့မှ အထိခိုက်မခံသင့်တာကို သတိရပါ။

အောင်မြင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဆိုတာ မတော်တဆဆိုပြီး ဖြစ်မလာပါဘူး။ အောင်မြင်နေတဲ့ အင်ဂျင်နီယာတစ်ဦးက စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှု၊ မှန်ကန်တဲ့စိတ်ထားတို့နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပိုမိုမြင့်မားလာစေနိုင်မှာ ဖြစ်ပါတယ်။

Newengineer.com website မှ 7 tips for becoming a successful engineer ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University