'' ဆိုရှယ်မီဒီယာများရဲ့ ဘွဲ့ကြိုကျောင်းသား၊ လူငယ်များအပေါ် သက်ရောက်မှု ''

ယနေ့ခေတ်နည်းပညာတိုးတက်လာတာနဲ့အမျှ ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ကလေး၊ လူငယ်၊ လူကြီးမရွေး အင်တာနက်ကို အသုံးပြုနေကြပါတယ်။ အင်တာနက်ဟာ သတင်းအချက်အလက်ရှာဖွေဖို့ နည်းလမ်းတစ်ခုမျှသာ မဟုတ်ပါဘူး။ လူအများစုက အင်တာနက်ကို လူမှုရေး၊စီးပွားရေး၊ပညာရေး၊ ဒါမှမဟုတ် မိတ်ဆွေဟောင်းများနဲ့ ပျောက်ဆုံးနေတဲ့ဆွေမျိုးများ ပြန်လည်ရှာဖွေဖို့အတွက် အသုံးပြုနေလျက် ရှိကြပါတယ်။ အဓိကအနေနဲ့ ကျောင်းသားအများစု လက်ရှိအသုံးပြုတဲ့ ဆက်သွယ်ရေးနည်းပညာမှာ Social Networks လို့လူသိများတဲ့ ဆိုရှယ်မီဒီယာ ဖြစ်ပါတယ်။Social Media ဆိုသည်မှာ ကမ္ဘာတစ်ဝှမ်းရှိ လူများအား အင်တာနက်မှတစ်ဆင့် အပြန်အလှန် ဆက်သွယ်မှု၊ Chating ပြုလုပ်ခြင်းနဲ့ အကြောင်းအရာတွေကိုမျှဝေခြင်း၊ အသုံးပြုသူများအကြား ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ Applications များနဲ့ ဝက်ဘ်ဆိုက်များ (သို့) ဘလော့ဂ်များ အားလုံးပါဝင်ပါတယ်။ လူတစ်ဦးတစ်ယောက်က ဆိုရှယ်မီဒီယာကို စတင်အသုံးပြုမယ်ဆိုရင် ပထမဦးဆုံး စာရင်းသွင်း (Register) ရမယ်။ လက်ရှိမှာတော့ Facebook, Twitter, WhatsApp, Snapchat တို့မှာလူသုံးများနေကြပါတယ်။

ဆိုရှယ်မီဒီယာအသုံးပြုမှုက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လျင်မြန်စွာ မြင့်တက်လျက်ရှိပါတယ်။ အစိုးရဝန်ထမ်းများနဲ့ ကုမ္ပဏီဝန်ထမ်းများ အသုံးပြုရုံသာမက ကျောင်းသားများ ဒါမှမဟုတ် ပညာရေး လူ့အဖွဲ့အစည်းများမှ ဆိုရှယ်မီဒီယာအသုံးပြုမှုမှာ များပြားလာပါတယ်။ (Raut and Patil, 2016) ။ အဲ့ဒီလို ကျယ်ပြန့်စွာ လက်ခံအသုံးပြုနေခြင်းကြောင့် ဆိုရှယ်မီဒီယာက လူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ လူမှုဆက်ဆံရေးအပေါ် သက်ရောက်မှုရှိတာဟာ မထူးဆန်းတော့ပါဘူး။

Statcounter GlobalStat အဖွဲ့အစည်းရဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ စာရင်းထုတ်ပြန်ချက်မှ မြန်မာနိုင်ငံရဲ့ Social Media အသုံးပြုတဲ့ ရာခိုင်နှုန်းတွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

Facebook 86.88 % , Youtube 4.62 %, Pinterest 3.16% , Twitter 3.08 %, VKontakte 1.33 %, Reddit 0.36 % Source: (StatCounter Global Stats, 2022)

Facebook တို့လို လူမှုကွန်ရက်ဆိုက်များဟာ ကျောင်းသားများမှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ကျင့်သုံးတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာများထဲမှ တစ်ခုဖြစ်ပါတယ်။ Facebook မှ တစ်ဆင့် ပညာရေးဆိုင်ရာ ဆက်သွယ်ရေး၊ ဆရာများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် Social Media ဟာ တန်ဖိုးရှိတဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။ လူမှုမီဒီယာများကို အနောက်နိုင်ငံအများစုရှိ ကျောင်းသား၊ ကျောင်းသူတွေဟာ သူတို့ရဲ့ ကထိကများနဲ့ အကြံဉာဏ်များဖလှယ်ဖို့ အသုံးပြုလေ့ရှိပါတယ်။ သုတေသနပြု လေ့လာသူများကလည်း နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ အင်တာနက်အသုံးပြုမှု တိုးလာခြင်းနဲ့ လူမှုမီဒီယာများဟာ ကျွန်ုပ်တို့နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ဆိုရှယ်မီဒီယာကို အပြုသဘောအနေနဲ့ အသုံးပြုပါက ကျောင်းသားများနဲ့ လူငယ်များရဲ့ ပညာရေး စွမ်းဆောင်ရည်တိုးတက်စေဖို့နဲ့ အသုံးချနိုင်တဲ့ ဗဟုသုတများရရှိဖို့ များစွာအကူညီပေးနိုင်ပါလိမ့်မယ်။

သို့ပေမဲ့ နည်းပညာ တိုးတက်လာခြင်းရဲ့ နောက်ကွယ်မှာ အကောင်း၊ အဆိုး ဒွန်တွဲနေတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် လေ့လာသူများ တွေ့ရှိထားတဲ့ ကျောင်းသားများအပေါ် ဆိုရှယ်မီဒီယာရဲ့ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုတွေကို အောက်ပါအတိုင်း တင်ပြပါရစေ။

ပထမဆုံး ကောင်းကျိုးများကို ဖော်ပြချင်ပါတယ်။ လူမှုရေးမီဒီယာများ ပါဝင်လာမှုရဲ့ အကျိုးဆက်အနေနဲ့ ကျောင်းသားများရဲ့ စာဖတ်စွမ်းရည် တိုးတက်လာနိုင်တဲ့အပြင် အတန်းသားများနဲ့ အတွေးအခေါ်များ မျှဝေခြင်း ၊ဆွေးနွေးနိုင်ခြင်းနဲ့ စာမေးပွဲမေးခွန်းများဟောင်းများကို လူမှုမီဒီယာမှာ မျှဝေနိုင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ မိမိနှစ်သက်တဲ့ ဘာသာရပ်များကိုလည်း လူမှုမီဒီယာကိုအသုံးပြုတဲ့ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများနဲ့ အုပ်စုလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ပါတယ်။ (ဥပမာ_ မြန်မာနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ပညာအသင်း၊ စာရင်းကိုင်ပညာ၊ Learning English Group) အထူးသဖြင့် ကျောင်းသားများဟာ ကထိကများနဲ့ ဆရာများထံမှ ကြေညာချက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့် လွယ်လင့်တကူ လက်ခံနိုင်ခြင်း၊ ကျောင်းသားများ၊ သူငယ်ချင်းများနဲ့အတူ မိမိတို့ရဲ့တာဝန်များကို ဆွေးနွေးနိုင်တာကြောင့် လေ့လာမှုများအတွက် များစွာအကူညီ ပေးနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်းက အတန်းဖော်များ၊ ကထိကများနဲ့ တခြားဘာသာရပ် ကျွမ်းကျင်သူများအကြား အပြန်အလှန် အကျိုးပြုပေးနိုင်တယ်လို့လည်း လက်ခံထားကြပါတယ်။

ဆက်လက်ပြီး ဘွဲ့ကြို ကျောင်းသားများအတွက် Social Midea မှပေးနိုင်တဲ့ ဆိုးကျိုးများကို တင်ပြချင် ပါတယ်။ အထက်ပါကောင်းကျိုးများရှိသလို တစ်ဖက်မှာလည်း ကျောင်းသားအများစုက ဆိုရှယ်မီဒီယာကို အလွန်အမင်းအသုံးပြုခြင်းက အချိန်နှင့်ငွေ ဖြုန်းတီးခြင်းဖြစ်တယ်လို့ ယုံကြည်နေလျက်ရှိပါတယ်။ ဆိုရှယ်မီဒီယာကို ပုံမှန်အသုံးပြုတဲ့ ကျောင်းသားများဟာ Face To Face Communication (မျက်နှာချင်းဆိုင် ဆက်သွယ်ခြင်း) ၊ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ဖို့ ကြောက်ရွံ့ခြင်းများ ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာကြီးက နည်းပညာခေတ်သို့ ပြောင်းလဲနေလျှင်တောင်မှ ကျောင်းသားများဟာ အစစ်အမှန်ကမ္ဘာ (Real-World) မှာ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာကို သိထားရပါမယ်။ ဒါ့အပြင် လူမှုမီဒီယာဝက်ဘ်ဆိုက်များမှာ (Cyber bullying) ဆိုက်ဘာအနိုင်ကျင့်ခြင်းများကလည်း နာမည်ဆိုးနဲ့ ကျော်ကြားလာပါတယ်။

ကျောင်းသားများအနေနဲ့ တခြားကျောင်းသားများနဲ့ပတ်သက်ပြီး ထိခိုက်နစ်နာစေတဲ့ မက်ဆေ့ခ်ျများ ရေးသားနိုင်ပြီး ဒါဟာ ကျောင်းသား များရဲ့ဘဝအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာမှာ အသုံးပြုကြတဲ့ ဘန်းစကားများနဲ့ ဆန်းသစ်ထားတဲ့ စကားလုံးများရဲ့ သတ်ပုံအမှားများကြောင့် မိမိတို့ရဲ့ မိခင်ဘာသာ စကားကိုတောင် အမှန်၊အမှားခွဲခြားနိုင်မှု မရှိတော့ပါဘူး။ ကျောင်းသားများဟာ ဆိုရှယ်မီဒီယာနဲ့ Mobile Games များကို အလွန်အကျွံအသုံးပြုခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဆိုရှယ်မီဒီယာကို အသုံးပြုနေသဖြင့် အစားအသောက်များ အချိန်မှန်မစားခြင်း၊ အိပ်ချင်စိတ် ပြေပျောက်စေဖို့ ကော်ဖီများကို အလွန်အကျွံသောက်သုံးခြင်းနဲ့ အားကစားပြုလုပ်ဖို့ အချိန်မပေးနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီး နောက်ထပ်ပြသနာတစ်ခုမှာ ကျောင်းသားများက ဆိုရှယ်မီဒီယာကို အပြုသဘောဆောင်သောနည်းလမ်းနဲ့ အသုံးပြုမည် ဟုတ်၊ မဟုတ်ဆိုတာကို မသိနိုင်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ ဥပဒေများရှိနေပေမယ့်လည်း လူအများစုမှာ အဲ့ဒီဥပဒေများနဲ့ ပတ်သက်ပြီး ဗဟုသုတ အားနည်းနေပါသေးတယ်။ ဒါကြောင့်လည်း ယခုအချိန်ထိ Cyber Bullying နဲ့ ပတ်သက်တဲ့ ကိစ္စရပ်များကို နေ့စဉ်နဲ့အမျှ ကြားသိနေရပါတယ်။

လေ့လာမှုတစ်ခုမှာ ကျောင်းသားများအကြား သတင်းစာဖတ်ခြင်း အလေ့အထမရှိခြင်းရဲ့ အကြောင်း အရင်းတစ်ရပ်အဖြစ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပညာရှင်များက ဒီပြသနာများနဲ့ပတ်သက်ပြီး စိုးရိမ် ပူပန်ဖို့လိုအပ်ပြီး ထိုပြသနာများကို ဖြေရှင်းဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းများကို ရှာဖွေဖို့ လိုအပ်နေပါတယ်။ ဘွဲ့ကြိုကျောင်းသားများဟာ Facebook ကဲ့သို့ လူမှုမီဒီယာကို အသုံးပြုနိုင်သော်လည်း မိမိတို့ရဲ့အချိန်ကို သေချာစီမံခန့်ခွဲဖို့ မမေ့သင့်ပါဘူး။

နိဂုံးချုပ်အနေနဲ့ လူမှုဆက်သွယ်ရေးကွန်ယက်ဟာ ကျွန်ုပ်တို့ရဲ့လူငယ်များအပေါ် ကောင်းကျိုးရော ဆိုးကျိုးပါ သက်ရောက်ကြောင်း သက်သေပြခဲ့ပါတယ်။ "တန်ဆေး၊လွန်ဘေး" ဆိုတဲ့ မြန်မာစကားပုံတစ်ခုကို အမှတ်ရမိပါတယ်။ ဒါကြောင့် တစ်ဦးချင်းစီအနေနဲ့ Social Media များကို ဆက်ပြီး အသုံးပြုမလား၊ ရပ်တန့်ရမလား၊ မိမိအားမထိခိုက်အောင် ဘယ်လိုအသုံးပြုကြမလဲဆိုတာမျိုး စဉ်းစားဖို့ လိုအပ်ပါတယ်။ မိဘများ၊ ဆရာ၊ ဆရာမများအနေနဲ့လည်း မိမိတို့ရဲ့ သားသမီးများ၊ ကျောင်းသား၊ ကျောင်းသူများကို လူမှုမီဒီယာများ အသုံးပြုတဲ့အပေါ်မှာ လမ်းညွှန် အကြံဉာဏ်ပေးသင့်ကြောင်းနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင် သူများ၊ အစိုးရအဖွဲ့အစည်းများပူးပေါင်းပြီး Websites များ၊ Social Media များနဲ့ပတ်သက်တဲ့ အားနည်းချက် များကို ဘယ်လိုထိန်းချုပ်ကြမယ်ဆိုတာကို ဖော်ထုတ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

References;

Ahmad, B. (2022). 10 Advantages and Disadvantages of Social Media for Society -. [online] Techmaish.com. Available at: https://www.techmaish.com/advantages-and-disadvantages.../ [Accessed 18 Aug. 2022].

Edtechreview.in. (2022). [online] Available at: https://edtechreview.in/.../1402-pros-and-cons-of-social... [Accessed 25 Aug. 2022].

Medium. (2022). Advantages and Disadvantages of Social Media to Students. [online] Available at: https://medium.com/.../advantages-and-disadvantages-of... [Accessed 12 Aug. 2022].

Sharma, V. (2022). Impact of social media on school and college students - KLIENT SOLUTECH. [online] KLIENT SOLUTECH. Available at: http://www.klientsolutech.com/impact-of-social-media-on.../ [Accessed 19 Aug. 2022].

StatCounter Global Stats. 2022. Social Media Stats Myanmar | Statcounter Global Stats. [online] Available at: <https://gs.statcounter.com/social-media-stats/all/myanmar> [Accessed 26 Aug. 2022].

Daw Thwe Thwe Aye

B.ComM.Com, (MEUE), Meiktila University of Economics